မြေနုကျွန်း အငြင်းပွားမှုကို အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်မည်ဟုဆို

မြေနုကျွန်း အငြင်းပွားမှုကို အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်မည်ဟုဆို
(ဓါတ်ပုံ-ကိုတင်မောင်အေး)ပုံစာ-အငြင်းပွား မြေနုကျွန်းအား ကွင်းဆင်းစစ်ဆေးနေစဉ်။

မန္တလေး၊နိုဝင်ဘာ ၁၅။      ။ ၂၀၁၄ခုနှစ်မှစတင်၍ ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ကြားရှိ မြေနုကျွန်း အငြင်းပွားမှုကို အမြန်ဆုံးပြေလည်အောင် ဆောင်ရွက် သွားမည်ဟု သပိတ်ကျင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေကပြောသည်။

အဆိုပါအငြင်းပွားမှုကို နှစ်ဖက်မြို့နယ်များမှ မြေနုကျွန်းခွဲဝေရေး အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က သက်ဆိုင်ရာ အဖွဲ့အစည်းများက ကွင်းဆင်းစစ်ဆေးခဲ့ကာ ညှိုနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သော်လည်း အဆင်မပြေသောကြောင့် ခရိုင်အဆင့်ဖြင့် ဆွေးနွေး ညှိုနှိုင်းရန် လုပ်ဆောင်မည်ဟု သိရသည်။

"ကွင်းဆင်းဆောင်ရွက်မှုက မအောင်မြင်ခဲ့ဘူး။ကန့်ဘလူဘက်က ရှေးတုန်းက မြေပုံအဟောင်းတွေ ပြတယ်။သပိတ်ကျင်းမြို့နယ်က လက်ရှိမြေပုံနဲ့ ပြတယ်။စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း ခြားထားတဲ့ မြေပုံ နဲ့ပြတာ ။ဒီ ဘက် ကပြတဲ့ မြေပုံကို သူတို့က လက်မခံဘူး။သူတို့ မြေပုံကိုလည်း ဒီဘက်က လက်မခံ ဘူး။လက်မခံဘူးဖြစ်တဲ့အတွက် ခရိုင်အဆင့်တက်ဖို့ လုပ်နေပါတယ်။"ဟု သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှတိုင်းဒေသကြီး လွှတ်  တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေကပြောသည်။

ထိုသို့ မြေနုကျွန်းခွဲဝေမှုကို ကန့်ဘလူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်၊သပိတ်ကျင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာမြေစာရင်း အထွေထွေးအုပ်ချုပ်ရေးမှူးများ ထပ်မံတွေ့ဆုံ မှုများပြုလုပ်သွားမည်ဟု သိရသည်။

"ဒါက မြန်မြန်ပြတ်အောင် ဖြတ်ရမှာလေ။ဘာဖြစ်လို့လည်းဆိုတော့ မြေနုကျွန်းဆိုတာ ပေါ်တုန်းလေး လုပ်ရတာလေ။ ခြောက်သွားရင် စိုက်မရတော့ဘူး။ပြဿနာတွေ မဖြစ်ခင် ပြတ်အောင်ရှင်းပေးရမှာ ပေါ့။ ဟိုဘက်က အုပ်ချုပ်ရေးမှူးအဖွဲ့ကလည်း မလျှော့တာလေ။ ဒီဘက်က အုပ်ချုပ်ရေးမှူး အဖွဲ့က လည်း မလျှော့တာဆိုတော့ ဒါကြီးက လုပ်လို့ မအောင်မြင်ခဲ့တာပေါ့။နောက်တစ်ပတ်ချိန်းရင်တော့ အုပ်ချုပ်ရေး အဖွဲ့တွေမပါဘဲ နဲ့နှစ် ဖက် လွှတ်တော်ကိုယ်စားလှယ်နဲ့ညှိုနှိုင်းပြီး ဖြတ်ပေးလိုက်တော့ မယ်။"ဟု ဦးတင်မြင့်ဆွေက ဆက်ပြောသည်။

အဆိုပါ မြေနုကျွန်းဧရိယာသည် ဧက ၁၀၀ကျော်ရှိနေပြီး နှစ်ဖက်အချိုးတူး ခွဲဝေပေးရန် သပိတ်ကျင်း မြို့နယ်ဘက်မှလိုလားလျက်ရှိကြောင်း အငြင်းပွားနေသည့်နေရာကို အမြန်ဆုံး ဖြေရှင်းမပေးနိုင်ပါက နှစ်ဖက်ဒေသခံများ ပြဿနာကြီးထွားလာနိုင်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူ ဦးချန်ထွန်း ကဆိုသည်။

"တိုင်းခြား မြေခြားကွင်းမြေပုံတွေဟာ မန္တလေးတိုင်းဒေသကြီးထဲမှာပါဝင်တာတွေရှိတယ်။နှစ်ဖက် မြေစာရင်းတွေက တိုင်ခြား မြို့နယ်ခြားအပေါ်မှာ ကွင်းဆင်းတာတွေ အားနည်းမှုရှိတယ်။ ကွင်းဆင်းမှု အားနည်း တာတွေ ရှိတယ်။ကမ်းပါးပြိုတဲ့အပေါ်မှာလည်း နှစ်အလိုက် ဖျက်သိမ်းမှု မပြုလုပ်တာတွေ လည်းရှိတယ်။လွဲပေးရမယ့်ဟာတွေကို စနစ်တကျလွှဲမပေးခဲ့တဲ့အတွက် အခုအချိန်မှာ မြေယာ အငြင်းပွားမှုက မကြာခဏဆိုသလို နှစ်စဉ်နဲ့ အမျှ ပြဿနာတွေရှင်းနေရတဲ့ အနေထားပါ။"ဟု ဦးချန်ထွန်းက ပြောသည်။

အဆိုပါနေရာတွင် မြေနုကျွန်းပေါ်ချိန်၌ သံကြိုးများ၊ပေကြိုးများဖြင့် တိုင်တာခွဲဝေကာ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြပြီး ယခုအခါ ခေတ်မီစက်ကရိယာများ အသုံးပြု၍ တိုင်းတာခွဲဝေမှုများ ပြုလုပ်ပေးစေ ချင် ကြောင်း ဒေသခံအချို့ကဆိုသည်။

"ဘိုဘွားတွေလက်ထက်ကတည်းကစိုက်လာတာ။အရင်မြေပုံအတိုင်းပဲ လက်ခံနိုင်မယ်။ မြေပုံအသစ် တိုင်းဆို ဒီကျွန်းမြေအတော်များများက ဟိုဘက်ပါသွားမယ်။ အညီအမျှခွဲဝေတဲ့ စနစ်ဆို လက်ခံမယ်။" ဟု ကန့်ဘလူ မြို့ နယ်မှ မြေနုကျွန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် နှစ်ဖက်ဒေသခံများအနေဖြင့်လည်း အဆိုပါပြသနာကို အမြန်ဆုံးဖြေရှင်းပေးရန်လိုလား လျှက်ရှိပြီး ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခွင့်ရရန်မျှော်လင့်လျှက်ရှိကြောင်း ခွဲဝေရရှိလာသည့် မြေနု ကျွန်းအပေါ် လုပ်ကိုင်ချင် သည့် ဒေသခံများအနေဖြင့် နှစ်စဉ်လျှောက်ထားရပြီး လျှောက်ထားခဲ့သူ များကို မဲစနစ်ဖြင့် ပြန်လည်နေရာချထား လုပ်ကိုင်ခွင့်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ အငြင်းပွားနေမှုနှင့်ပတ်သက်၍ မြို့နယ် နှစ်ခုစလုံးမှ အထွေထွေ အုပ်ချုပ်ရေး မှူးများထံသို့ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly