ရခိုင်ပြည်နယ်ရှိ တရုတ်ငွေကြေးပံ့ပိုးသည့် ဆိပ်ကမ်းနှင့် SEZ တို့ကြောင့် ဒေသခံများအကြား စိုးရိမ်မှုများဖြစ်ပေါ်

ရခိုင်ပြည်နယ်ရှိ တရုတ်ငွေကြေးပံ့ပိုးသည့် ဆိပ်ကမ်းနှင့် SEZ တို့ကြောင့် ဒေသခံများအကြား စိုးရိမ်မှုများဖြစ်ပေါ်
Photos: AFP

နိုဝင်ဘာ ၁၅ ။          ။ မြန်မာနိုင်ငံအတွင်းက မဟာဗျူဟာအရ အဓိကကျသော ရခိုင်ပြည်နယ်ကို ရေကြောင်းကုန်စည်ပို့ဆောင်မှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အချက်အချာနေရာအဖြစ် အသွင်ပြောင်းလဲရန် တရုတ်တို့ ကြိုးပမ်းနေခြင်းနှင့်အတူ ယင်းပြည်နယ်က ဒေသခံတစ်ဦးဖြစ်သည့် ကိုအောင်ကြီးသည် နိုင်ငံအနောက်ပိုင်း ရေပြင်ထဲတွင် ညအမှောင်ကို အားကိုးပြီး ခိုးကြောင်ခိုးဝှက် ငါးဖမ်းနေရသည့် အဖြစ်ကို ရောက်နေရလျက်ရှိသည်။

ရခိုင်ပြည်နယ်ကို စီးပွားရေးလုပ်ငန်းများအတွက် ဖွင့်လှစ်ကြောင်း အစိုးရက ကြေညာထားခဲ့သော်ငြား ဒေသခံပြည်သူများအနေဖြင့်ကမူ အဆိုပါ အပြောင်းအလဲတွင် အခွင့်အရေးမရဘဲ အပယ်ခံရမည့်အရေး စိုးရိမ်ပူပန်နေရလျက်ရှိသည်။ စည်းမျဉ်းသစ်များက ထုံးတမ်းအစဉ်အလာ လုပ်ကိုင်စားသောက်မှုများအပေါ် ထိန်းချုပ်ကန့်သတ်လာ၍ ဖြစ်သည်။

ပေကျင်း ငွေကြေးပံ့ပိုးသည့် အလွန်ကြီးမားသော စက်မှု ဇုန်ကြီးတစ်ခုနှင့် ရေနက်ဆိပ်ကမ်းတစ်ခုတို့အတွက် စပါးစိုက်ခင်းများ၊ ကျွန်းသစ်တောများသည်လည်း ပြားပြားဝပ် ပျောက်ပျက်ရတော့မည်ဖြစ်သည်။ အဆိုပါ စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့သည် အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ အိန္ဒိယ သမုဒ္ဒရာသို့ ဝင်ပေါက်ဂိတ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

သို့ရာတွင်လည်း ပြည်နယ်အာဏာပိုင်များ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကတိကဝတ်နှင့်အတူ ငါးဖမ်းခြင်းအပေါ် ထိန်းချုပ်ကန့်သတ်မှုများလည်း တစ်ဆက်တည်း လိုက်ပါလာခဲ့သည်။ ရေလမ်းကြောင်းများမှာ တရုတ်သင်္ဘောများအတွက် ရှင်းလင်းပေးထားခဲ့ရ၍ ဖြစ်သည်။ ယင်းအခြေအနေက ဒေသခံများ၏ စားဝတ်နေရေးကို ထိခိုက်ပျက်သုဉ်းထားစေခဲ့သည်။

“တရားမဝင် ငါးဖမ်းတာကို မိသွားခဲ့ရင် ကျွန်တော် ရိုက်နှက်ခံရနိုင်သလို ဒါမှမဟုတ် အဖမ်းခံရတာလည်း ဖြစ်နိုင်ပါတယ်” ဆိုပြီး ကိုအောင်ကြီးက ၎င်း၏ ခနော်နီ ခနော်နဲ့ တဲကုပ်လေး နဘေး ပုဇွန်အကောင်သေးများကို နေပူထုတ်လှန်းရင်း ပြောသည်။ ၎င်း၏ တဲအိမ်လေးသည် ကျောက်ဖြူမြို့အနီး ငါးဖမ်း ကျေးရွာငယ်လေးတစ်ခုတွင် တည်ရှိသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ တစ်ခြား ရွေးချယ်စရာ မရှိပါဘူး၊ ဒီလိုမှ မလုပ်ရင်လည်း ကျွန်တော့်မိသားစု ငတ်ရုံပဲ ရှိတော့မှာပေါ့” ဟု အသက် ၂၈ နှစ်အရွယ် ကိုအောင်ကြီးက ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်အကြာက စစ်တပ်၏ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ပြည်နယ်၏ မြောက်ဘက် အစွန်းပိုင်းဧရိယာများကို ထိခိုက်စေခဲ့ပြီး ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာ ဟု ဖော်ပြ) သိန်းချီတို့ကိုလည်း အလုံးအရင်းဖြင့် ထွက်ပြေးသွားစေခဲ့သည်။ သို့သော် ရခိုင်အလယ်ပိုင်းတွင်မူ အများအားဖြင့် အထိအခိုက်မရှိဘဲ ရှိနေသည်။

ယင်းပြည်နယ်တွင် ရင်းနှီးမြုပ်နှံရန် နိုင်ငံ၊ ကုမ္ပဏီ အများအပြားက ဆက်လက် တွန့်ဆုတ်နေလျက် ရှိသော်ငြား တရုတ်နှင့် အခြားဒေသတွင်း နိုင်ငံကြီးတစ်ချို့ကမူ ယင်းကဲ့သို့ တုန့်ဆိုင်းမှုများ ဖြစ်ပေါ်ခြင်း မရှိပေ။

ယင်းပြည်နယ်ရှိ ကမ်းလွန် ရေနံတွင်းများမှ တစ်နှစ်လျင် ရေနံစည်ပေါင်း သန်းချီ၊ ဓာတ်ငွေ့ ကုဗမီတာပေါင်း ဘီလီယံနဲ့ချီ ထုတ်ယူထားလျက် ရှိပြီး ယင်းတို့ကို တရုတ် တောင်ပိုင်းသို့ ပို့ဆောင်လျက် ရှိသည်။

ယမန်နှစ် နိုဝင်ဘာလကမှ လက်မှတ်ထိုးခဲ့သည့် ရေနက်ဆိပ်ကမ်းတစ်ခု၊ အထည်ချုပ်နှင့် စားသောက်ကုန်ထုတ်ပိုးမှု စက်ရုံများ ပါဝင်သော ကြီးမားသော အထူး စီးပွားရေးဇုန်တစ်ခုတို့နှင့်အတူ ပေကျင်းအနေဖြင့် ယင်း ဧရိယာတွင် ယခုအခါ ပိုမို ချုပ်ကိုင်သွားရန် ရှိနေသည်။

“ထိခိုက်နစ်နာနိုင်ဖွယ်ရာ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားမှု သိပ်မလုပ်ဘဲနဲ့ နောက်ထပ် ကမ်းလွန် ဓာတ်ငွေ့ထုတ်လုပ်မှု၊ ဓာတ်အားပေးစက်ရုံတွေနဲ့့ပတ်သက်လို့ ဆွေးနွေးမှုတွေကို လုပ်နေပါတယ်” ဆိုပြီး Myanmar Centre for Responsible Business (MCRB) ဒါရိုက်တာ Vicky Bowman က ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များဖြင့် မြန်မာ အာဏာပိုင်များ ရင်ဆိုင်နေရသော်လည်း စင်ကာပူ၊ ဂျပန်၊ ထိုင်းတို့သည်လည်း သဘာဝရင်းမြစ် ကြွယ်ဝသည့် နိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း စီးပွားရေးအကျိုးအမြတ်များ ဆွတ်ခူးရယူနိုင်ရေးအတွက် တရုတ်နှင့် အပြိုင်အဆိုင်ဖြစ်နေလျက် ရှိသည်။

မြန်မာ အစိုးရအနေဖြင့်ကမူ ၎င်းတို့နှင့် အတူတကွ ပူးပေါင်းလုပ်ကိုင်လိုသည့် မိတ်ဆွေအားလုံးကို ကြိုဆိုပါကြောင်း မကြာသေးခင်က Nikkei သတင်းဌာနနှင့် လုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် အစိုးရ ခေါင်းဆောင် တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

သို့သော် ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် ပြီးခဲ့သည့် ကာလများအတွင် စီမံကိန်းများ ရပ်နားလိုက်ရသည့် ဖြစ်ရပ်များ ပေါ်ပေါက်ထားခဲ့သည်။ အထူးသဖြင့် နိုင်ငံတစ်ဝှမ်း ကန့်ကွက်မှုကြောင့် ပေကျင်း ပံ့ပိုးသည့် မြစ်ဆုံ ဆည် စီမံကိန်းကို ရပ်ဆိုင်းထားခဲ့ရသည်။

တရုတ် အစိုးရအနေဖြင့် ရပ်ဝန်းနှင့် ခါးပတ်လမ်း စီမံကိန်းကြီးအောက်တွင် ကမ္ဘာတစ်ဝန်း အခြေခံအဆောက်အအုံ စီမံကိန်းများကို ဖြန့်ကျက်ဖော်ဆောင်နေစဉ် ယနေ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် SEZ တို့သည် ဆုလာဘ်တစ်ခု ဖြစ်နေသည်။

မြန်မာအစိုးရအနေဖြင့် ဆိပ်ကမ်း၏ ကုန်ကျစရိတ်ကို ယမန်နှစ်က ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကနေ ၁ ဒသမ ၃ ဘီလီယံကို အောင်မြင်စွာ လျှော့ချနိုင်ခဲ့သော်လည်း မူဘောင် သဘောတူညီချက်၏ အသေးစိတ်အချက်အလက် အနည်းအကျဉ်းကိုသာ အများပြည်သူကို ထုတ်ဖော်ထားခဲ့သည်။

တရုတ်အနေဖြင့် မြန်မာ၏ ပြည်ပ ကြွေးမြီများအနက် ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၄ ဘီလီယံဝန်းကျင်ဖြစ်သော အဓိက ဝေစုတစ်ခုကို ထိန်းချုပ်ထားသည်။

သို့သော် ပရောဂျက်ကြောင့် မြန်မာနိုင်ငံအတွက် ကြွေးမြီထောင်ချောက်ထဲ ကျသွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုများသည် ကျိုးကြောင်းခိုင်လုံခြင်းမရှိတော့ဟု အစိုးရ၏ စီးပွားရေးအကြံပေး ရှောင်တာနယ်က ပြောထားသည်။

လုပ်ငန်း မအောင်မြင်ရင်လည်း နိုင်ငံအနေဖြင့် အခြေအနေဆိုးတစ်ရပ်အောက် ပိတ်မိမည်မဟုတ်ဟု ၎င်းက ပြောသည်။

မြန်မာအနေဖြင့် ပိုမိုခိုင်မာသည့် ညှိနှိုင်းရေး ရပ်တည်ချက်နေရာတစ်ခုတွင် သေချာပေါက် ရှိနေကြောင်း ကျောက်ဖြူ SEZ စီမံခန့်ခွဲရေး ကော်မတီမှ ဦးစိုးဝင်းက ပြောသည်။ “ကျွန်တော်တို့ ထိန်းချုပ်ထားပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

SEZ ကြောင့် ယင်း ဧရိယာမှာ အလုပ်အကိုင်ပေါင်း ၄၀၀,၀၀၀ ခန့် ဖန်တီးနိုင်မည့်ဖြစ်သည့်အတွက် ဒေသခံများ အဆင်ပြေနိုင်မည်ဟု ၎င်းက အခိုင်အမာ ပြောသည်။ ယင်းအပြင် ၎င်းအတွက် အင်မတန် ကောင်းမွန်သည့် ပြန်လည်နေရာချထားရေး သဘောတူညီချက်များ ပေးအပ်မည်ဟု ဆိုသည်။

သို့သော် ဒေသခံတောင်သူ ဦးစောမောင်နု၏ လယ်မြေသည် ဧက ၄,၂၀၀ ( ၁,၇၀၀ ဟက်တာ) ရှိ စီမံကိန်းဧရိယာ နယ်နမိတ်ထဲ ပါဝင်နေသည့်အတွက် ၎င်းအနေဖြင့် စိုးရိမ်ထိတ်လန့်နေရသည်ဟု ဆိုသည်။

“ တကယ်လို့ ကျွန်တော်တို့က ဒီကနေ ထွက်ဖို့ ပြောလာခဲ့ရင် ကျွန်တော်တို့ ဘယ်မှာ သွားနေရမှာတုန်း” ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ်က စတင်လည်ပတ်နေခဲ့သော ကုန်းတွင်း ဓာတ်ငွေ့စက်ရုံ ကြောင့် ဒေသခံပြည်သူများ ၎င်းတို့၏ လယ်မြေများကို စွန့်လွှတ်ခဲ့ကြရသည်။

“ ဒီအတွက် သူတို့ဘက်က လျော်ကြေး ပေးတာမျိုး မရှိသလောက်ပါပဲ” ဟု မနုအေးသာက လက်ရှိ လုပ်ငန်းဧရိယာ ဝန်းကျင် လုံခြုံရေးတင်းကျပ်ထားသည့် စည်းရိုးတစ်ခုအနီး လမ်းလျှောက်ရင်း ပြောသည်။

“ လယ် မရှိရင်တော့ ကျွန်မတို့ဟာ တစ်ခြားသူတွေရဲ့ ကျွန် ဖြစ်ရုံပဲ ရှိတော့မှာပေါ့” ဟု အသက် ၅၅ နှစ်ရှိ မနုအေးသာ က ပြောသည်။

ဒီအပေါ်မှာလည်း တက်ကြွလှုပ်ရှားသူ ကိုစိုးလွင်ကလည်း သဘောတူသည်။ ဒေသခံများအနေဖြင့် မသေချာမရေရာသော စီမံကိန်းများထံမှ လုံးလုံးလျားလျား ဆုံးရှုံးရဖို့ ရှိနေကြောင်း ၎င်းက ပြောသည်။

“ရခိုင်ပြည်နယ်က ရတဲ့ ငွေတွေကို ဒီ ပြည်နယ်အတွက် အမှန်တကယ် ပြန်သုံးပေးမယ်ဆိုရင်လည်း နေ့ချင်းညချင်း တိုးတက်ပါလိမ့်မယ်” ။

Mizzima Weekly