ထွန်းမြတ်နိုင်ရဲ့မိသားစုဖြစ်ရုံနှင့် ထိန်းချုပ်ထားတာဘာသဘောလဲ ဟု မယမင်းမြတ်မေးခွန်းထုတ်

ထွန်းမြတ်နိုင်ရဲ့မိသားစုဖြစ်ရုံနှင့် ထိန်းချုပ်ထားတာဘာသဘောလဲ ဟု မယမင်းမြတ်မေးခွန်းထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅။         ။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုဖြစ်ရုံဖြင့် ထိန်းချုပ်ထားခြင်းမှာ မည်သည့်သဘောလဲဟု အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေပုဒ်မဖြင့် တရားစွဲခံထားရသူ မယမင်းမြတ် (ခ)မိုးနှင်းဖြူကပြောဆိုလိုက်သည်။

AA စစ်ဦးစီးချုပ်၏ညီမဖြစ်သော မယမင်းမြတ်နှင့် ယောက်ဖဖြစ်သူတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က တတိယ အကြိမ်မြောက် ချုပ်ရက်(ရမန်) ယူခဲ့ပြီး အချုပ်ကားပေါ်သို့တက်စဉ် မီဒီယာများသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ထွန်းမြတ်နိုင်ရဲ့မိသားစုဖြစ်ရုံနဲ့ ကျွန်မတို့ကိုဒီလိုထိန်းချုပ်ထားတာ ဘာသဘောလဲရှင့်။ ဒါတရားလား ” ဟု AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူ မယမင်းမြတ် (ခ)မိုးနှင်းဖြူကပြောသည်။

စွပ်စွဲခံရသူနှစ်ဦးဖြစ်သူ မယမင်းမြတ်နှင့် အမျိုးသားဖြစ်သူ ဦးကျော်နိုင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်က မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိသည့် AA တပ်ဖွဲ့ဝင်ဟုယူဆရသူ ၄ဦး အမှုမှ တိမ်းရှောင်နေသူ မောင်မောင်စိုးကို ဆက်သွယ်ခဲ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့မှအောက်တိုဘာ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ဦးကျော်နိုင်သည် စက်တင်ဘာ ၂၈ ရက်နေ့က ထိုင်းနိုင်ငံမှတဆင့် လာအိုနိုင်ငံသို့ သွားရောက်ကာ တည်းခို ခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းများမှသိရသည်။

အဆိုပါခရီးစဉ်တွင် ဦးကျော်နိုင်နှင့်အတူ မောင်မောင်စိုးလည်းလိုက်ပါခဲ့ပြီး စရိတ်များကို  ဦးကျော်နိုင်က ကျခံပေးသည့်အပြင် မောင်မောင်စိုးအား ထိုင်းဘတ်ငွေ  နှစ်ထောင် ထောက်ပံ့ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အမှုဖွင့် တိုင်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တတိယအကြိမ်မြောက်ရုံးချိန်းတွင် ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေ ပုဒ်မ ၅၂ (က) ဖြင့် သတင်းတပ်ဖွဲ့(ရန်ကုန်)မှ ဒုရဲမှူးမင်းခိုင် မှ တရားလိုလုပ်တိုင်ကြားခဲ့သည့်အမှုကို တရားရုံးမှစစ်ဆေးရန် လက်ခံခဲ့ကြောင်း သိရသည်။

“ ချုပ်ထားတဲ့ရမန်စေ့သွားတဲ့အတွက် ဒီနေ့တရားရုံးကိုစတင်စွဲဆိုလာလို့ ကျွန်တော်ကပင် စတင်လက်ခံ ယူလိုက်တယ်ပေါ့။ ဘယ်လိုအခြေအနေလဲဆိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ တရားစွဲအဖွဲ့အစည်းကနေပြီး တရားစွဲတင်လာတာကျတော့ ကျွန်တော်တို့ကလက်ခံရတာပေါ့” ဟု မရမ်းကုန်းမြို့နယ်တရားသူကြီး၊ တရားရုံးပြန်ကြားရေးအရာရှိလည်းြဖစ်သူ ဦးမိုးဆွေကပြောသည်။

ထို့နောက် စွပ်စွဲခံရသူ နှစ်ဦးလုံးကို အမှုအတွက်ပြင်ဆင်နိုင်ရန်နှင့် ရှေ့နေငှားရမ်းနိုင်ရန် ချုပ်ရက်ထပ်တိုးပေး ခဲ့ပြီး လာမည့် နိုဝင်ဘာ ၂၉ ရက်နေ့ သောကြာနေ့သို့ ရုံးချိန်းကို ထပ်မံချိန်းဆိုလိုက်သည်။

အဆိုပါနှစ်ဦးအပေါ် စွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ သည် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ လည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly