ရန်ကုန်တိုင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် MSME Action Plan မူကြမ်း ဆုံးဖြတ်ချက်အတည်မပြုနိုင်

ရန်ကုန်တိုင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် MSME Action Plan မူကြမ်း ဆုံးဖြတ်ချက်အတည်မပြုနိုင်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ။         ။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အငယ်စား၊ အသေးစား နှင့် အလတ်စား လုပ်ငန်းများ အတွက် MSME Action Plan မူကြမ်းအား နှစ်ရက်တာ ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် အတည် မပြုနိုင်ခဲ့ကြောင်း MSME Action Plan အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယ မြောက်နေ့က သိရသည်။

MSME Action Plan အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယ မြောက်နေ့ကို နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

"ဒီဆွေးနွေးတင်ပြထားတဲ့ အချက်တွေထဲမှာ အကုန်လုံးကတော့ မမှန်ဘူး ပြင်ရမယ် ဒါကြောင့်မို့ ကျွန်မလည်း ထောက်ခံတယ်။ ဆွေးနွေးတဲ့ ရလာဒ်အပေါ် ထည့်သွင်းလိုက်တဲ့ စကားရပ်တွေက အနည်းငယ်လွဲမှားနေတဲ့ အတွက် ဒါလေးတွေတော့ ပြင်ရဦးမယ်။ နှစ်ရက်တာ အမြန်လုပ်ရတဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်လို့ စကားလုံး မှားယွင်းတာတွေ ပြုပြင်ပြီးရင်တော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကနေ ပြန်ပြီးတော့ သုံးသပ်ဦးမှာပေါ့။" ဟု စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ SME လုပ်ငန်းရှင်များအတွက် MSME Action Planကိုဆွေးနွေး ရေးဆွဲ အကောင်အထည်ဖော်ရာတွင် လုပ်ငန်းကဏ္ဍ ၈ရပ် ပါဝင်ခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် အခွန်အခ၊ ထုတ် လုပ်မှုစွမ်းအား၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှု၊ အမျိုးသမီးများ နှင့် လူငယ်များ၊ လုပ်ငန်း စတင် ဆောင်ရွက် သူများ မြှင့်တင်ခြင်း၊ ချေးငွေရရှိမှု၊ ဈေးကွက်ရရှိရေး နှင့် နိုင်ငံတကာ အဆင့် ဝင်ရောက်ရေး၊ Green SMEs၊  လူမှုအကျိုးပြု လုပ်ငန်းများ နှင့် အားလုံးပါဝင်သော MSME လုပ်ငန်း များ၊ အထောက် အကူပြု အဖွဲ့ အစည်း မူဘောင် စသည့်ကဏ္ဍများ ပါဝင်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်း အတွင်းရှိ SME လုပ်ငန်းရှင်များ အနေဖြင့် အစိုးရဘက်မှ ပံံပိုးပေး နိုင်မည့် MSME လုပ်ငန်းများ ပြည်တွင်း စျေးကွက်ရရှိရေး၊ ပြည်ပစျေးကွက် သို့ ထိုးဖောက်နိုင်ရေး၊ နည်းပညာ၊ သတင်း အချက်အလက် မျှဝေမှု၊ ဥပဒေ ပြောင်းလဲရေးဆွဲမှု နဲ့ ချေးငွေ ရရှိရေး စတဲ့ ကဏ္ဍများတွင် အဆိုပြုချက်များကို Action Plan ထဲတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ယခု ဆွေးနွေးထားသည့် အချက်များကို MSME Action Plan တွင်ထည့်သွင်းမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ နှင့်ပြည်ထောင်စုဝန်ကြီးဌာနများ ပူးပေါင်း၍ မူဝါဒနှင့် နည်းဥပဒေ ပြောင်းလဲပြင်ဆင်မှု လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း SME စျေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ထား ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်း အတွင်း လုပ်ကိုင်နေသော SME လုပ်ငန်းပေါင်း ၂၅၀၀ ကျော် ရှိပြီး အခြားပြည်နယ် နှင့် တိုင်းများထက် အခွင့်အလမ်းပိုမိုအားကောင်းသည့် စျေးကွက်စီးပွားရေး အချက်အချာ ဒေသတစ်ခု လည်း ဖြစ်သည်။

“အများစု ဆွေးနွေးသွားတာက လုပ်ထုံးလုပ်နည်းတွေ မှာ လျင်လျင်မြန်မြန် နဲ့ သွားတာ ရှိတယ်။ဒါပေမယ့် လုပ်ငန်းဆောင်ရွက်မှုတွေ မြန်ဆန်အောင်လို့ Digital စနစ် နဲ့ သွားချင်တာမျိုးတွေ အဆိုပြုကြတယ် ။ပြီးရင် စားသောက်ကုန် ပစ္စည်းတွေ နဲ့ ပတ်သက်လို့ ဓာတုကင်းစင်ပြီးတော့ စားသောက်ကုန် အရည်အသွေး မြင့်လာအောင် ဦးတည်ပြီး ဆွေးနွေးတာတွေ တွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ မြင့်တက်လာပြီးတော့ လုပ်သားအရင်းအမြစ် မြင့်တက်လာဖို့အတွက်လည်း ပါဝင် ဆွေးနွေး ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီနှစ်ရက်တာ က SME လုပ်ငန်းတွေ အတွက် တကယ် အကျိုးရှိခဲ့တယ်လို့ မြင်တယ်" ဟုသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင် မှ ပြောသည်။

လက်ရှိတွင်  ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၂ ခုအပါအဝင် နေပြည်တော် ကောင်စီတွင် MSME Action Plan ကို ရေးဆွဲနိုင်ခဲ့ပြီး ရန်ကုန်တိုင်း နဲ့ စစ်ကိုင်းတိုင်းတို့သာ ကျန်ရှိနေကြောင်း ယခုလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ MSME Action Plan အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required