၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် အစိုးရနှင့် ၀ပြည်နယ် ဌာနချုပ်တို့ ဆွေးနွေးသဘောတူညီမှုအပေါ် မူတည်တယ်လို့ UWSA ပြော

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် အစိုးရနှင့် ၀ပြည်နယ် ဌာနချုပ်တို့ ဆွေးနွေးသဘောတူညီမှုအပေါ် မူတည်တယ်လို့ UWSA ပြော
 UWSA ရဲဘော်များကိုတွေ့ရစဉ် (ပုံ-AFP)

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်။            ။  “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA) ထိန်းချုပ်ထားသည့် “ဝ”ဒေသထဲမှာ ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် UWSA မှ ခေါင်းဆောင်များ ကြား ညှိနှိုင်းနေကြကြောင်း သိရ သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က မိုင်းလားနှင့် “ဝ”ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ရှိကြောင်း သတင်းများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ပြောခဲ့သည်။

 အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက “ဝ” ဒေသ သည် မြန်မာနိုင်ငံအတွင်းက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အလားအလာ ရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် UEC နှင့် UWSA ဗဟိုဌာနချုပ်ကြား တိုက်ရိုက် ညှိနှိုင်းနေကြကြောင်း မဇ္စျိမသို့ ပြောသည်။

 "အစိုးရပိုင်းနှင့် ကျနော်တို့ ဗဟိုဌာနချုပ် ဆွေးနွေးသဘောတူညီမှုအပေါ် မူတည်ပါတယ်။ အစိုးရပိုင်းနှင့် ကျွန်တော်တို့ ဗဟိုဌာနချုပ်တို့ကတော့ အမြဲတမ်း ဆက်သွယ်မှုရှိနေတယ်။ ဘယ်လို့ဖြစ်ဖြစ် လူကြီးတွေရဲ့ သဘောတူညီမှုအပေါ် မူတည်ပါတယ်။ ကျွန်တော်အနေနဲ့ ဘာမှမသိရဘူး။ဗဟို ဌာနချုပ်နဲ့ အစိုးရ ပိုင်း သဘောတူညီမှု ရှိရင် ၊ဖြစ်တယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အလားအလာ ရှိ ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဝပြည်နယ်ဆိုတာ မြန်မာနိုင်ငံထဲမှာ  တစ်စိတ်တစ်ဒေသပဲလေ။ ဒါကတော့  လွှတ်တော်နေရာမှ ကျွန်တော်တို့ ဝ က အမျိုးသားရေးအတွက်အများကြီးအထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်။ မျှော်လင့်ပါတယ် “ ဟု ၎င်းက ‌ပြောသည်။

UWSA ထိန်းချုပ်နယ်မြေ အတွင်း  ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းနေမှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာမသိရပေ။

UWSA သည် ၁၉၈၉ ခုနှစ်က တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး “ဝ”ဒေသကို အထူးဒေသ (၂) အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသော လက်နက်ကိုင်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တွေ့ရစဉ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၂) ပုဒ်မ ၅၆ (စ)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင် နှစ်ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

ထို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ ပန်ဆန်း(ပန်းခမ်း)မြို့ နယ်၊ မိုင်းမောမြို့နယ်၊ နားဖန်းမြို့နယ်၊ ပန်ဝိုင်မြို့နယ်တို့ကို UWSA က ထိန်းချုပ်ထားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိပဲ ဖြစ်နေသော ဒေသများဖြစ်သည်။

“ဝ” လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ  ဦးဆိုင်ပေါင်းနပ်ကတော့  မိုင်းလားနှင့် “ဝ” ဒေသအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ ဒေသခံများ လက်ခံသည့်အပေါ်မှာ မူတည်ကြောင်းဆိုသည်။

 “ သက်ဆိုင်ရာ နယ်မြေဒေသက လက်ခံရင် လုပ်ရမှာပေါ့။ ဒေသခံက လက်မခံရင်တော့  ကျွန်တော်တို့လည်း စဉ်းစားရအုံးမယ်။ အဲဒေသက အထူးဒေသဖြစ်နေတာကိုး။ ကျွန်တော်တို့ပါတီ ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကို အဓိကက ဒေသခံပဲ၊  ဒေသခံ လက်ခံရင် လုပ်မယ်“ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် အတွင်း   “ ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊  “ဝ” ဒီမိုကရက်တစ်ပါတီ ၊ “ဝ”လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံဖြိုးရေးပါတီ  စသည့် ပါတီများ တည်ရှိကြောင်း၊ လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် ပါတီသုံးခု ပေါင်းစည်းရန် အခြေအနေရှိကြောင်း “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ၏ နာယက ဦးဖလစ်ဆန်းက ပြောသည်။

 “ ကျွန်တော်ထင်တာက မကျင်းပနိုင်တဲ့ အနေအထား မရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့ကလည်း တခြား မြို့နယ် (၇)မြို့နယ်မှာ ကော်မတီရုံး ဖွင့်ထားတာရှိတယ်။ ရွေးကောက်ပွဲလာလုပ်ရင် ကြိုဆိုတယ်။ အခုထိ တော့  အခြေအနေကောင်းနေတယ်“ ဟု ၎င်းက ပြောသည်။  

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တည်ရှိကာ စတုရန်း ကီလိုမီတာ ၃၂၀၀၀ ကျော်   ကျယ်ဝန်းပြီး  လူဦးရေ  (၆)သိန်းကျော်ရှိကြောင်း သိရသည်။

မြို့တော်အဖြစ် ပန်ဆန်း(ပန်းခမ်း)ကို သတ်မှတ်ထားပြီး “ဝ” ၊ အာခါ၊ ရှမ်း၊ ဗမာ၊ လားဟူ၊ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်း ၁၇ မျိုး နေထိုင်လျက်ရှိကာ UWSA က ထိန်းချုပ်ကာ အုပ်ချုပ်လျက်ရှိသည်။

Updated : သတင်းခေါင်းစဉ်နှင့် ဦးညီရန်းပြောစကားကို ပြောင်းလဲအစားထိုးမှု နိုဝင်ဘာ ၁၈ ရက် အချိန် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ပြုလုပ်ပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required