ဆလိုဗက်ကီးယားတွင် ကျောင်းကားနှင့် ကျောက်တင်ကား ခေါင်းချင်းဆိုင် တိုက်မိပြီးကလေးငယ်များအပါအဝင် လူ ၁၂ ဦး သေဆုံး

ဆလိုဗက်ကီးယားတွင် ကျောင်းကားနှင့် ကျောက်တင်ကား ခေါင်းချင်းဆိုင် တိုက်မိပြီးကလေးငယ်များအပါအဝင် လူ ၁၂ ဦး သေဆုံး

ဘရာတစ်လာဘာ၊ နိုဝင်ဘာ ၁၄။        ။ ဆလိုဗက်ကီးယား အနောက်ပိုင်း တောတောင်ထူထပ်ရာတွင် ကျောင်းသားကျောင်းသူများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးနှင့် ကျောက်တုံးကျောက်ခဲများနှင့် မြေကြီးများ အပြည့်တင်လာသည့် ထရပ်ကားတို့ ခေါင်းချင်းဆိုင် တိုက်မိရာမှာ ကျောင်းသားကလေးငယ် လေးဦး အပါအဝင် လူပေါင်း ၁၂ ဦး အနည်းဆုံး သေဆုံးသည်။

နီထရာမြို့တော် အပြင်ဖက်တွင် နေ့လယ် တစ်နာရီဝန်းကျင်းက ဖြစ်ပွားသော အဆိုပါ ယာဉ်တိုက်မှုဖြစ်ရာနေရာ၌ မီးသတ်နှင့် ကယ်ဆယ်ရေးသမားများက ရှင်းလင်းကယ်ဆယ်မှုများ လုပ်ဆောင်နေပြီး ယင်း ယာဉ်တိုက်မှု အတွင်း ဒဏ်ရာရသူ ၁၇ ဦး ရှိသည်ဟု မီးသတ်ဌာနက ၎င်း၏ ကိုယ်ပိုင်ဖေ့ဘုတ်ပေ့ချ်မှတစ်ဆင့် ထုတ်ပြန်သည်။

ယာဉ်တိုက်မှုကြောင့် ထရပ်ကား တိမ်းမှောက်နေကာ ကျောင်းကားမှာ ချောက်တစ်ခုထဲ ထိုးကျနေပြီး လမ်းပေါ်တွင် ကျောက်တုံးနှင့် မြေကြီးများ အစုအပုံလိုက် ပြန့်ကျဲနေသည့် ဓာတ်ပုံများကိုလည်း မြင်တွေ့ရသည်။

“နီတရာကနေ ဂျီလန်နက်မြို့ဆီ ဦးတည်တဲ့ ကျောင်းသားတွေ လိုက်ပါလာတဲ့ ကားမှာ ဒုတိယတန်း ကျောင်းသားတွေအပါအဝင် အများစုဟာ ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်ပါတယ်။”ဟု နီတရာမီးသတ်ဌာန ပြောခွင့်ရသူ မီချယ်ဗာဂါက အေအက်ဖ်ပီသို့ ပြောသည်။

ထရပ်ကားမှာ ကျောက်တင်ကားဖြစ်ပြီး ယခုကဲ့သို့ တိုက်မှုဖြစ်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

ကျန်းမာရေးဝန်ကြီး အန်ဒရီယာက သတင်းထောက်များအား အခင်းဖြစ်ရာ၌ ပြောကြားရာတွင် သေဆုံးသူများတွင် အသက်မပြည့်သေးသည့် ကလေးအရွယ် လေးဦး ပါဝင်သည်ဟု ပြောသည်။

ထရပ်ကားက ဝန်ပိုတင်လာခြင်း ဖြစ်နိုင်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒန်နီဆာဆတ်ကိုဗာက ယာဉ်တိုက်မှုဖြစ်ပွားရာ၌ပင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required