ကချင်ပြည်နယ်ရှိ ရွေ့ပြောင်းလုပ်သားများ မူလဒေသမှာသာ မဲပေးသင့်ဟု ကချင်အခြေစိုက်ပါတီများပြော

ကချင်ပြည်နယ်ရှိ ရွေ့ပြောင်းလုပ်သားများ မူလဒေသမှာသာ မဲပေးသင့်ဟု ကချင်အခြေစိုက်ပါတီများပြော
မဲဆန္ဒရှင်တစ်းဦး မဲပြားမှတ်ပုံတင် စာရင်းသွင်းနေစဉ်(နိုဝင်ဘာ ၃၊ ၂၀၁၈) ဓာတ်ပုံ - AP

၂၀၁၉ ခုနှစ်၊နိုဝင်ဘာ ၁၃ ရက်။        ။ ကချင်ပြည်နယ်အတွင်းသို့ ရောက်ရှိနေသော ရွေ့ပြောင်းလုပ်သားများနှင့် ယာယီ ရွေ့ပြောင်းသူများ အနေဖြင့် မိမိတို့၏ မူလနေရပ်မှာသာ မဲပေးသင့်ကြောင်း ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ရွေ့ပြောင်း လုပ်သားများကို မိမိတို့ ပြည်နယ်အတွင်းမှာ မဲပေးခွင့်ပြုလိုက်ပါက ဒေသခံများသည် လူနည်းစုဖြစ်သွားမည့် အခြေအနေဖြစ်သည့်အတွက် ၎င်းတို့၏ မူလဒေသမှာသာ မဲပေး စေချင်လိုကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ(KDP)မှဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို  လက်မခံနိုင်ဘူး။ မဲပေးတာက နိုင်ငံသားရဲ့ အခွင့်အရေး ဖြစ်တယ်။ ဒီဟာကို  မကန့်ကွက်ဘူး။ မဲပေးလို့ရတယ်။ ဒါပေမဲ့  မူရင်း သူ့ရဲ့နေရာမှာ မဲပေးရလိမ့်မယ်။ ရွေ့ပြောင်းနေရာမှာ မဲပေး တာတော့ လက်မခံနိုင်တာက တစ်ချက်၊  ရွေ့ပြောင်းလုပ်သားတွေပဲ ရှိမယ်ဆိုရင် ကျွန်တော်တို့က လူနည်းစု (Minority )ဖြစ်သွားမယ်၊ ဒါက ကြီးကြီးမားမား ပြသနာဖြစ်တယ်။ ပြဿနာက သေးသေးလေး မဟုတ်ဘူး။ ဒါ ကြောင့်  ဒီဟာကို လက်မခံဘူး၊ နောက်လည်း လက်ခံမှ မဟုတ်ဘူး  “  ဟု   ၎င်းက ပြောသည်။

 ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မဲရုံတခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Salai

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၅)ကြိမ်မြောက် ပြင်ဆင်မှုကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ (၅) ကြိမ်မြောက် ပြင်ဆင်မှုတွင် ဆန္ဒမဲပေးသည့် အခန်း ကဏ္ဍကို အစားထိုး ဖြည့်စွက်ခဲ့ခြင်းပြီးသည်။ထို့ြပင်ဆင်မှုအရ အနည်းဆုံး ရက်ပေါင်း ၉၀ (သုံးလ) နေထိုင်ရုံမျှ ဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ်မြေအတွင်း မဲပေးနိုင်ကြောင်း ပြဋ္ဌာန်းပါရှိသည်။

ယခင် ပြင်ဆင်မှု မပြုလုပ်ခင်ကတော့ မိမိနေရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် မဲပေးလိုသည့် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၀ အရ အနည်းဆုံး ရက်ပေါင်း ၁၈၀ (ခြောက်လ) နေထိုင်ပြီး ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ရွေ့ပြောင်းလုပ်သားများနှင့် ယာယီရွေ့ပြောင်း သူများအတွက် နိုင်ငံရေးအခွင့်အရေးကို မူရင်း ဒေသတွင်သာ အကောင်အထည်ဖော်သင့်ပြီး ခေတ္တရောက်ရှိရာ ဒေသအတွက် နိုင်ငံရေး အဆုံးအဖြတ် ပေးခိုင်းခြင်းက ဒေသခံများ၏ နိုင်ငံရေး အခွင့်အရေးကို စွက်ဖက်သလိုဖြစ်ကြောင်း ကချင်အမျိုးသားကွန်ဂရက် ( KNC )ပါတီမှ နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ထားသည်။

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက “ ရွေ့ပြောင်းလုပ်သား ပြဿနာက အဓိက သယံဇာတထွက်တဲ့ ပြည်နယ်မှာ အများဆုံးပဲ။ ကချင် ၊ ရှမ်း မွန် ၊ ကရင် (၄)ပြည်နယ်က အခံရဆုံးပဲ။ ကချင်မှာဆိုရင် စုစုပေါင်း ၁၈ မြို့နယ်နီးပါးပဲ။ ဥပမာ - ပူတာအိုခရိုင် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မှာ ဖြစ်နေတယ်။ စီမံကိန်းတွေနဲ့  ပါလာတာ။ အဲ လူတွေက သူတို့နေရပ်မှာ  အိမ်ထောင်စု ဇယား ၊ မှတ်ပုံတင်က ရှိပြီးသား။ ဆိုင်ရာနေရပ် ရှိပြီးသား၊ အဲတာ ကို ဒီမှာလာပြီး စီမံကိန်းနဲ့ အတူလုပ်ရင်း ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြီး အဆုံးအဖြတ်ပေးမယ်ဆိုတာ  လုံးဝ တရားမျှတမှု မရှိဘူး။ အဲတာကြောင့် ကျွန်တော်တို့က ကန့်ကွက်တာပါ”ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ရောက်ရှိနေသော ရွေ့ပြောင်း လုပ်သားများသည် သယံဇာတ တူးဖော်ခြင်း လုပ်ငန်း များ လုပ်ကိုင်ရန် ရောက်ရှိလာသူများ ဖြစ်သကဲ့သို့၊ အိမ်ယာစီမံကိန်းနှင့် လမ်းတံတာ တည်ဆောက်ရေး စီမံ ကိန်းများ၊ ငှက်ပျော် စိုက်ခင်းလုပ်ငန်းများ စသည့် လုပ်သားများအဖြစ် ရောက်ရှိနေသူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ရွေ ့ပြောင်းလုပ်သားဦးရေ ငါးသိန်းရှိပြီး ဝိုင်းမော်မြို့နယ် မှာ တော့ ၂ သိန်း(သစ်ရှူးငှက်ပျော်လုပ်သား)ရှိသလို တနိုင်း-ပူတာအို- ဗန်းမော်တို့ဒေသများမှာတော့ ရွေ့ ပြောင်း လုပ်သား ဦးရေ နှစ်သိန်းခွဲရှိနေကြောင်း၊ စုစုပေါင်း ကချင်ပြည်နယ်အတွင်း ရွေ့ပြောင်း အခြေချလုပ်ကိုင်နေသူ အရေအတွက် ၁၀သိန်းဝန်းကျင်ရှိကြောင်း KNC က ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃ ရက်က ထုတ်ပြန် ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပါအဝင် ၂၀၁၇ - ၂၀၁၈ ကြား ဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့် လေ့ လာခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ( PACE  )ကတော့  ယခု အသစ်ပြင်ဆင်လိုက်သည့် နည်းဥပဒေပုဒ်မ (၁၀)သည် နေပြည်တော်မှ ဝင်ပြိုင်သူများအတွက်သာ မဲပေးစေချင်သည့် အခြေအနေမျိုး ဖြစ်နေကြောင်း ဆိုသည်။  

PACE မှ  ပရိုဂမ်မန်နေဂျာ ကိုဟန်စိုးထွန်းက “ရက်ပေါင်း ၁၈၀  ဖြစ်ကတည်းက ဒါဟာ အငြင်းပွားဖွယ်ကိစ္စ  ၊ ဘာဖြစ်လို့လည်းဆိုတော့ အရင် အစိုးရ လက်ထပ် ကတည်းက ဒါက အငြင်းပွားတယ်။ ဆိုလိုတာက နေပြည်တော်မှ ဝင်ပြိုင်တဲ့သူတွေအတွက် မဲပေး စေချင်တဲ့ ပုံစံမျိုး ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက ရန်ကုန်မှာပဲ အိမ်ထောင်စု စာရင်းရှိတာ။ ဒါဟာ ရှုပ်ထွေးတဲ့ကိစ္စ ဖြစ်တယ်။ သူ့မူရင်းနေရာမှပဲ မဲပေးတာက ဒါဟာ အကောင်းဆုံး ဖြစ်တယ်လို့ ယူဆပါတယ် “ ဟု ပြောသည်။

ရက် ၁၈၀ မှ ရက် ၉၀ လျှော့ချသည့် နည်းဥပဒေ ပြင်ဆင်ချက်က မဲဆန္ဒရှင်များပြားသည့် မဲဆန္ဒနယ်များတွင် ကြီးမားသော သက်ရောက်မှု မရှိသော်လည်း  မဲဆန္ဒရှင် နည်းပါးသော ပြည်နယ် မဲဆန္ဒနယ်များတွင်မူ   ရွေးကောက်ပွဲရလဒ်အပေါ် အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

PACE   မှ ပရိုဂမ်မန်နေဂျာ ကိုဟန်စိုးထွန်းက “ လက်ရှိ ပြုပြင်ပြောင်းလဲတာထက်စာရင် ရက် ၁၈၀ ၊ ရက် ၉၀ ဖျက်သိမ်းတာက ပိုကောင်းတယ်။ အခု စိုးရိမ် စရာတွေလည်း ရှိတယ်။ အထူးသဖြင့် ရွေ့ပြောင်းလုပ်သားတွေ ၊ ဆောက်လုပ်ရေး လုပ်သားတွေ ၊ နောက်ဆုံး တပ်ရင်းတပ်ဖွဲ့တွေကအစ  ၃ လအတွင်း ပြောင်းရွေ့လို့ရတယ်။ ကိုယ် ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးချင်ရင် မဲပေးဒေသတွေကို ရွေ့ပြောင်းလို့ရတယ်“ ဟု  ပြော သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly