ဘိုလီးဗီးယားကြားဖြတ်သမ္မတအား အမေရိကန် အသိအမှတ်ပြု

ဘိုလီးဗီးယားကြားဖြတ်သမ္မတအား အမေရိကန် အသိအမှတ်ပြု

ဆူခရီ၊ နိုဝင်ဘာ ၁၄ ။       ။ ဘိုလီးဗီးယားနိုင်ငံတွင် သီတင်းပတ်များစွာ ဆူပူမတည်ငြိမ်မှုများကြောင့် သမ္မတ အီဗိုမိုရေး ရာထူးမှ နုတ်ထွက်သွားပြီးနောက် ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူသည့် ဂျင်နိုင်းအန်နက်စ်အား အမေရိကန်က အသိအမှတ်ပြုကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“ဘိုလီးဗီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအောက်မှနေ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် နိုင်ငံအား ဦးဆောင်မှုပေးရန် ကြားဖြတ်သမ္မတအဖြစ် တာဝန်ရှိသူ လွှတ်တော်ဥက္ကဌဖြစ်သူ ဂျင်နိုင်းအန်နက်စ်အား ဂုဏ်ပြုချီးမွှမ်းအပ်သည်။”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောခဲ့သည်။

သမ္မတဟောင်း အီဗိုမိုရေးက မက္ကဆီကိုနိုင်ငံသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံပြီး နောက်တစ်နေ့မှာပင် အမျိုးသမီးတစ်ဦးဖြစ်သည့် ကြားဖြတ်သမ္မတ အန်နက်စ်က စုစုပေါင်း ဝန်ကြီးနေရာ ၂၀ ရှိရာတွင် ပထမဆုံးအဖြစ် ဝန်ကြီး ၁၁ ဦးအား ခန့်အပ်ခဲ့သည်။

နိုင်ငံတွင် ကျင်းပသော ရွေးကောက်ပွဲ၌ မဲမသမာမှုများအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်၌ သမ္မတ မိုရေးက ရာထူးမှ နုတ်ထွက်ခဲ့ပြီး မက္ကဆီကိုသို့ ထွက်ပြေးပုန်းရှောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သမ္မတ မိုရေး နုတ်ထွက်သွားပြီးနောက် ဖွဲ့စည်းပုံအရ ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူရသည့် ဆီးနိတ်ဒုတိယဥက္ကဌ အန်နက်စ်က ရွေးကောက်ပွဲများကို အမြန်ဆုံး ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required