လူ လေးဦးသေဆုံးခဲ့သော ကျုံဒိုး ရဲကားတိုက်ခိုက်ခံရမှု တရားခံကို ရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေ

လူ လေးဦးသေဆုံးခဲ့သော ကျုံဒိုး ရဲကားတိုက်ခိုက်ခံရမှု တရားခံကို ရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ။          ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ပေါ်တွင် လုံခြုံရေးကင်းလှည့်နေသည့်ကားကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပက်သက်၍ တရားခံကို စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့်  ကျုံဒိုးရဲစခန်းမှ တပ်ကြပ်အဆင့် နှစ်ဦး၊ တပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့သည်။
 “ ဒါကို စုံစမ်းစီစစ်ဖော်ထုတ်စဲပါ။ တရားခံပေါ်ချင်တာ ကျွန်တော်တို့က ပိုပေါ်ချင်တာ။ တရားဉပဒေဘောင်ထဲကို ဆွဲခေါ်ပြီး အပစ်ပေးချင်တာ” ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက မဇ္ဈိမသို့ပြောသည်။

ဒဏ်ရာရသူများထဲမှ တစ်ဦးမှာ ပြင်းထန်သောကြောင့် ဘားအံပြည်သူ့ ဆေးရုံသို့ခေါ်ဆောင်ကုသပေးနေကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းကပြောသည်။

“ တစ်ယောက်ကအသဲအသန်ပဲ ဒီရောက်လာတော့ အခြေအနေကောင်းလာပြီ အခုတော့ ။ ရဲအဖွဲ့ကတော့ ဖိဖိစီးစီးလိုက်လုပ်နေတယ် ဒီလောက်ပဲပြော လို့ရမယ်နော် ” ဟု ၎င်းကဆိုသည်။ ကျန်သူများကတော့ အခြေအနေ မစိုးရိမ်ရဟု သိရသည်။

ကရင်ပြည်နယ် ကျုံဒိုးမြို့ပေါ် တွင် နိုဝင်ဘာ ၁၁ ရက် ည ၈နာရီခန့် တန်ဆောင်တိုင်ပွဲတော် ကျင်းပနေချိန် လုံခြုံရေးယူပေးနေသည့်ရဲကင်းကားအတွင်းသို့ ဆိုင်ကယ်စီးလာသူတစ်ဦးမှ လက်ပစ်ဗုံးပစ်သွင်းကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော့်ရဲတွေသာ မဆင်မချင်နဲ့ လူအုပ်ကြားထဲသာ အဲ့လက်ပစ်ဗုံးကိုပစ်ထည့်လိုက်ရင် အများကြီးသေမှာ။ ရာနဲ့ချီသေသွားမှာ။ အခုကျွန်တော့် ရဲတွေက အသက်ပေးပြီးကာကွယ်သွားတာ ပြည်သူလူထုကို” ဟု ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။
ဘယ်သူတွေတိုက်ခိုက်တာဖြစ်နိုင်လဲ

ရဲတပ်ဖွဲ့ကသံသယရှိဖွယ်တိုက်ခိုက်သူများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ဖြစ်နိုင်ခြေတစ်ခုတွင် ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စလည်း ပါဝင်သည်။ တိုက်ခိုက်ခံရသည့် ကားပေါ်တွင်ပါဝင်လာသော စခန်းမှူးသည် ယခုလပိုင်းအတွင်းမှာပင် ဂျိုင်းတံတားအနီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ခုမှ သူအချို့နှင့် နှင့် စကားအခြေအတင်ဖြစ်ပွားဖူးကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

သို့သော် စခန်းမှူးအားမကြေနပ်သည့် မှုးယစ်ဆေးလက်ကြီးသမားအချို့၏ လက်ချက်ဟုသုံးသပ်နေကြသူများ လည်းရှိသည်။

ကျုံဒိုးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊   ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNLA-PC ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အစရှိသည့်လက်နက်ကိုင်များ တည်ရှိနေသော ဒေသလည်း ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း အဆိုပါဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချလိုက်ပြီး ဒဏ်ရာရသူများကို နိုဝင်ဘာလ ၁၂ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကိုယ်တိုင် သွားရောက်ကြည့်ရှု့ပြီး အားပေးစကားပြောခဲ့သေးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required