ဟောင်ကောင် တက္ကသိုလ်နယ်မြေတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာ

ဟောင်ကောင် တက္ကသိုလ်နယ်မြေတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာ

နိုဝင်ဘာ ၁၃။           ။ ဆန္ဒပြသူများ၏ ဗဟိုချက်ဖြစ်သည့် ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်နယ်မြေတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ညက ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခများပိုမိုပြင်းထန်လာပြီး မီးလောင်မှုများ၊ မီးခိုးလုံးများဖြင့် စစ်မြေပြင်ကဲ့သို့ဖြစ်ပွားခဲ့သည်။ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ငါးလကျော်အတွင်း အဆိုးရွားဆုံးဖြစ်သည်။

နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုသည် ယိုယွင်းလုနီးပါးဖြစ်နေပြီဟု ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိက သတိပေးပြောကြားပြီးနောက် အလုပ်သွားသူများသည် ရထားဘူတာများပိတ်ထားခြင်း၊ ပြေးဆွဲမှုရပ်နား ထားခြင်းနှင့် ဘတ်စ်ကားလိုင်း ဒါဇင်နှင့်ချီပြီး ဖျက်သိမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ဆန္ဒပြသူများသည် စီးပွားရေးအချက်အချာကျသည့် လမ်းမများထက်သို့ အုတ်ကျိုးအုတ်ပဲ့များဖြင့် ပစ်ခြင်း၊ လမ်းဆုံများတွင် အမှိုက်များပုံထားခြင်း၊ ဝါးငြမ်းအတားအဆီးများလုပ်ထားခြင်းများ လုပ်ခဲ့ကြသည်။ ရဲများမှလည်း မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့်ပစ်ခြင်း၊ မီးသတ် ရေပိုက်များဖြင့်လိုက်ဖြန်းခြင်း စသည်ဖြင့် အမျိုးမျိုးနှိမ်နင်းခဲ့ကြသည်။

ဆေးကုသပေးသည့် စေတနာ့ဝန်ထမ်းတစ်ဦးမှ ရာဘာကျည်ဆံထိမှန်ခဲ့သည့်ကျောင်းသား မြောက်များစွာကို ကုသပေးခဲ့ရကြောင်း၊ အများစုမှာ ရင်ဘတ်အထက်နားကို ထိမှန်ကြကြောင်း AFP ကို ပြောသည်။

တရုတ်အစိုးရသည် ဆူပူဆန္ဒပြမှုများကို အကြိမ်ကြိမ်ရှုတ်ချနေကြသော်လည်း မဖြေရှင်းပေးနိုင်ဘဲရှိနေသည်။

ဆန္ဒပြသူများသည် ၎င်းတို့ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးရန်နှင့် ရဲများ၏ ရက်စက်ခဲ့မှုများကို လွတ်လပ်စွာ စုံစမ်းခွင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် တောင်းဆိုချက်များကို လိုက်လျောပေးရန် ဆက်လက်ငြင်းဆန်နေပြီး ထိုအစား လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လာခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required