ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ဖိတ်ကြားမှု’ခံရတဲ့ ဂျော်ကာရပ်ဖ်နဲ့ ဖီဖာတို့ မကြာခင် မြန်မာကို လာမည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ဖိတ်ကြားမှု’ခံရတဲ့ ဂျော်ကာရပ်ဖ်နဲ့ ဖီဖာတို့ မကြာခင် မြန်မာကို လာမည်
Photos: Youri Djorkaeff via Twitter & AFP

ဖီဖာဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဂျော်ကာရပ်ဖ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားမှုနဲ့ မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သူက AFP ကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ယခုလအစောပိုင်းက အရှေ့တောင်အာရှနိုင်ငံများရဲ့ အာဆီယံအဖွဲ့အစည်းနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာတို့ဟာ "အာဆီယံမှာ လူမှုဖွ့ံဖြိုးတိုးတက်မှုမှာ ဘောလုံးအားကစားရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့"အတွက် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀ ဥရောပဖလားချန်ပီယံဆုတွေကို ရရှိခဲ့ဖူးတဲ့ ဂျော်ကာရပ်ဖ်ဟာ ထိုင်းနိုင်ငံမှာ အာဆီယံအစည်အဝေးတက်ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သူက သူ့ရဲ့ လူမှုကွန်ရက် တွစ်တာစာမျက်နှာမှာ တွေ့ဆုံမှုကို ဖော်ပြခဲ့ပြီး 'မကြာခင် စီမံကိန်းအသစ်လာတော့မယ်'လို့ ရေးသားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သဘောတူညီချက်ထဲက အစီအစဉ်တွေမှာ ဘောလုံးအားကစားကနေ သင်ယူနိုင်တဲ့ တန်ဖိုးတွေကို ကလေးတွေကို သင်ကြားပေးဖို့ ရည်ရွယ်ထားတဲ့ "Football for School"လို အစီအစဉ်မျိုးကို စိတ်ဝင်စားခဲ့တယ်လို့ ဂျော်ကာရပ်ဖ်က ပြောပါတယ်။

ဖီဖာက အာဆီယံနိုင်ငံအတော်များများဟာ "နားလည်မှုစာချွန်လွှာကို ပိုမိုတိကျခိုင်မာတဲ့ အခြေခံပေါ်မှာ တည်ဆောက်ဖို့" စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာအနေနဲ့ "ဆက်လက်ဆွေးနွေးမှုပြုလုပ်ဖို့အတွက် ဖီဖာကိုယ်စားလှယ်တွေကို နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့တာ"ဖြစ်ပါတယ်။ တွေ့ဆုံမယ့်ရက်ကိုတော့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စစ်ဆင်ရေးများကြောင့် မောင်းထုတ်ခံခဲ့ရတဲ့ ဘင်္ဂါလီဒုက္ခသည် (မူရင်း ရိုဟင်ဂျာ)တွေကို မြန်မာနိုင်ငံရဲ့ ကိုင်တွင်မှုအပေါ် ဒေါ်အောင်ဆန်းကြည်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုပါဘူး။

ဖီဖာက ကမ္ဘာ့ပေါ်က ဘယ်နေရာမဆို၊ အထူးသဖြင့် မငြိမ်မသက်မှုများနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံတွေနဲ့အတူ ပူးပေါင်းပါဝင်ဖို့ဆိုတာ ဖောင်ဒေးရှင်းရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly