ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရရေး လူထုလှုပ်ရှားမှု ပြုလုပ်

ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရရေး လူထုလှုပ်ရှားမှု ပြုလုပ်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

နိုဝင်ဘာ ၁၂၊ ရန်ကုန် ။       ။ ဆေးခြောက်တရားဝင် အသုံးပြုခွင့်ရရေး အတွက် လူထုလှုပ်ရှားမှုတစ်ခုကို နိုဝင်ဘာလ(၁၁)ရက် တန်ဆောင်မုန်းလပြည့်နေ့ ညက  ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည်။

ဆေးခြောက်သည် လူငယ်ကို မပျက်စီးနိုင်၊ သစ်ရွက်ကို လွတ်လပ်ခွင့်ပေး၊ No jail for a plant စသည့် စာတန်းများကို ကိုင်ဆောင်ပြီး မျက်နှာဖုံးတပ်ဆင်ထားသည့်  လူတစ်ရာခန့်က တောင်းဆိုခဲ့ကြသည်။ လူထုလှုပ်ရှားမှု အပြီးတွင် မီးပုံး ၁၁၁ လုံးကို ကောင်းကင်သို့ လွှတ်တင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကို ချီတက်ခဲ့ကြသည်။

" တောင်တန်းဒေသတွေမှာ မဟုတ်ဘဲနဲ့ ပြည်မတွေမှာ စိုက်သင့်တယ်၊ Hemp မှာ မူးရစ်စေတဲ့အရာ ၀ ဒဿမ ၀၃ ပဲပါတယ်၊ မူးယစ်စေတဲ့နှုန်းမဟုတ်ဘူး၊ အဲ့လောက်ဆိုရင် မူးယစ်ဆေး မဟုတ်တော့ဘူး" ဟု  လှုပ်ရှားမှုတွင်  ပါဝင်သူတစ်ဦးက ဆိုသည်။

ဆင်းရဲသည့် ဒေသများတွင်  စိုက်ပျိုး၊ ရောင်းချခွင့် စမ်းသပ်သုံးစွဲခွင့်ပေးပြီး အစိုးရမှ ကောင်းကျိုး၊ ဆိုးကျိုးကို သုတေသနပြုလုပ်ကာ ဥပဒေရေးဆွဲပြီး လူငယ်များကို သုံးစွဲခွင့်ပမာဏ သတ်မှတ်ပေးသင့်သည်ဟုလည်း လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

" တစ်အချက်က တောင်သူတွေအများကြီး အကျိုးစီးပွားဖြစ်မယ်၊ ကျွန်တော်တို့ ဘိန်းအစားထိုးအနေနဲ့ စိုက်လို့ရတယ်၊ Hemp (လျှော်)ဆိုတာက လူသုံးကုန်ပစ္စည်း (၁၅၀၀)ကျော် သုံးလို့ရတယ်၊ ရေခဲချောင်းကြောင့် လူသေဖူးတယ်၊ ဆေးခြောက်ကြောင့် လူသေဖူးတာ စစ်တမ်းထဲမှာ မရှိဘူး" ဟု လူထုလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဆေးခြောက်သုံးစွဲမှုကို ခွင်ပြုထားသည့်  နိုင်ငံအချို့ရှိနေသော်လည်း မြန်မာနိုင်ငံကို မပြုသင့်သေးကြောင်းနှင့် သေချာကြတ်မတ်ပြီးမှသာ ခွင့်ပြုသင့်ကြောင်း ဆိုရှယ်မီဒီယာ စာမျက်နှာထက်တွင်  အမျိုးမျိုးသော ဝေဖန်ရေးသားမှုများလည်း ရှိသည်။

ဆေးခြောက် တရားဝင် အသုံးပြုရေး လူထုလှုပ်ရှားမှုသည်   မြန်မာနိုင်ငံတွင်  ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရရှိနိုင်ရေးအတွက် ပထမဦးဆုံးပြုလုပ်သည့် လူထုလှုပ်ပ်ရှားမှုတစ်ခုအဖြစ် ရန်ကုန်မြို့လယ်ခေါင်တွင် မှတ်တိုင် ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly