ဥက္ကဋ္ဌဟောင်း လာပေါ်တာရဲ့ ကတိအရ ဥရောပချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အသင်းကစားသမားတိုင်းကို တစ်သက်တာလစာငွေ ပေးအပ်နေရတဲ့ ဘာစီလိုနာ

ဥက္ကဋ္ဌဟောင်း လာပေါ်တာရဲ့ ကတိအရ ဥရောပချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အသင်းကစားသမားတိုင်းကို တစ်သက်တာလစာငွေ ပေးအပ်နေရတဲ့ ဘာစီလိုနာ
Photo: EPA & AFP

ဘာစီလိုနာအသင်း ကစားသမားဟောင်းတွေ၊ လက်ရှိကစားသမားတွေနဲ့ အနာဂတ်ဖြစ်လာမယ့် ကစားသမားတွေဟာ လီယွန်နယ် မက်ဆီကို ကျေးဇူးတင်စရာ နောက်တစ်ခုရှိပါတယ်။ ဒါကတော့ မက်ဆီက ကာတာလန်ကလပ်မှာ ဥရောပချန်ပီယံဆုရယူနိုင်အောင် ကြိုးစားစွမ်းဆောင်ပေးနိုင်ခဲ့ကြတဲ့ အသင်းသားတွေကို တစ်သက်တာလစာငွေ ပေးအပ်ဖို့ အသင်းဥက္ကဋ္ဌဟောင်း ဂျုံးလာပေါ်တာကို လှုံ့ဆောင်ပေးခဲ့တဲ့အတွက်ကြောင့်ပါ။

အခုအစီအစဉ်အရ ဘာစီလိုနာအသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ ချန်ပီယံဆု (၁၂)ကြိမ် ရရှိထားပြီး ချန်ပီယံလိဂ် (ဥရောပဖလား) ၅ ကြိမ်၊ Cup Winners' Cups (၄)ကြိမ်နဲ့ Fairs Cups (၃)ကြိမ် ရရှိထားတဲ့အတွက် ကစားသမား (၂၉၀)ကျော်ကို တစ်သက်တာ လစာငွေ ပေးအပ်ရမှာဖြစ်ပါတယ်။

၁၉၇၉ ရာသီမှာ ဘာစီလိုနာအသင်းမှာ ဂျိုဟန်ခရိုက်ဖ်နဲ့အတူ Cup Winners' Cup ချန်ပီယံဆု ရယူနိုင်ခဲ့သူလည်းဖြစ် တစ်သက်စာလစာငွေကို လက်ခံရရှိသူတွေထဲက တစ်ဦးလည်းဖြစ်သူ  အာဂျင်တီးနားတိုက်စစ်မှူး ဟာရေဒီယာက အခုလို ပေးအပ်ခံရတဲ့ အကြောင်းအရင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

"ရောမမြို့မှာ မန်ယူအသင်းကို မက်ဆီရဲ့ သွင်းဂိုးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာ အနိုင်ရခဲ့တော့ ကလပ်ဥက္ကဋ္ဌ လာပေါ်တာက ဘာစီလိုနာအသင်းနဲ့ ဥရောပချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ကစားသမားအားလုံးကို တစ်သက်တာလစာပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ ဒါကို သူဖြည့်ဆည်းပေးခဲ့တာပါ။"လို့ ဟာရေဒီယာက ရှင်းပြခဲ့ပါတယ်။

ကာတာလန်တို့ဟာ ၂၀၀၉ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီးအချိန်ကစလို့ ၂၀၁၁ နဲ့ ၂၀၁၅ တို့မှာ ဥရောပချန်ပီယံ နှစ်ကြိမ်ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာအသင်းနဲ့ ဥရောပချန်ပီယံဆု ရယူပေးနိုင်တဲ့ ကစားသမားစာရင်းမှာ နေမာကစ မာ့ခ်ဘာထရာအထိ ထည့်သွင်းခံရပါတယ်။

ယခင်စပိန်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ လာပေါ်တာဟာ ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ၂၀၀၃ ကနေ ၂၀၁၀ အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဂွာဒီယိုလာရဲ့ ဦးဆောင်မှုအောက်မှာ ကလပ်အသင်းဟာ တစ်ရာသီအတွင်း စံချိန်တင်ဆုဖလား (၆)လုံး ရရှိတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။

လာလီဂါ (၂၆)ကြိမ်ချန်ပီယံဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်အုပ်စုကို ဦးဆောင်နေပြီး ပြိုင်ပွဲလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် တစ်သက်တာလစာငွေရရှိမယ့် ကစားသမားတွေ ရှိလာနိုင်သေးပါတယ်။

တကယ်လို့ ဘာစီလိုနာတို့သာ ဒီရာသီချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ်ဆိုရင် သူတို့အတွက် (၁၅)နှစ်တာကာလအတွင်း (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားဖြစ်လာပါလိမ့်မယ်။

ဘာစီလိုနာရဲ့ ဥရောပချန်ပီယံ (၁၂)ကြိမ်

၁၉၅၇-၅၈ Fairs Cup
၁၉၅၉-၆၀ Fairs Cup
၁၉၆၅-၆၆ Fairs Cup
၁၉၇၈-၇၉ Cup Winners Cup
၁၉၈၁-၈၂ Cup Winners Cup
၁၉၈၈-၈၉ Cup Winners Cup
၁၉၉၁-၉၂ Champions League
၁၉၉၆-၉၇ Cup Winners Cup
၂၀၀၅-၀၆ Champions League
၂၀၀၈-၀၉ Champions League
၂၀၁၀-၁၁ Champions League
၂၀၁၄-၁၅ Champions League

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly