ဦးဝှေ့တင်းနှင့် ပတ်သက်သည့် AA ထုတ်ပြန်ချက်ကို မကျေနပ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဆို

ဦးဝှေ့တင်းနှင့် ပတ်သက်သည့် AA ထုတ်ပြန်ချက်ကို မကျေနပ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဆို
ဓာတ်ပုံ - အမျိုးသားလွှတ်တော်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ။         ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဆက်လုပ်သွားမည်ဟု AA က ထုတ်ပြန်လိုက်သည့်အပေါ် မကျေနပ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်က မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ဒေသအေးချမ်းစေချင်တယ်။ ကျွန်တော်တို့ ဒေသမှာ ဒီလိုဆူဆူပူပူနဲ့ သောင်းကျန်းနေတာမျိုး လက်ခံမှာမဟုတ်ဘူး။ အခုလည်း လက်မခံပါဘူး။ လက်ရှိ မဟုတ်တာလည်း သူတို့ကလည်း လုပ်သေးတယ်။ ခုလို ခြိမ်းခြောက်နေတာတော့ ဘယ်သူက လက်ခံနိုင်မှာလဲ။ ဒေသခံတွေက ဘယ်လိုမှ ကျေနပ်မှုမရှိဘူး။ ကျွန်တော်ဒေသတစ်ခုလုံးက မကျေနပ်ဘူး ဒီအပေါ်မှာ။ လက်နက်ကိုင်ပြီး အနိုင်ကျင့်တာလေ။ ကျွန်တော်တို့ ဒေသကလည်း ပြန်ပြီး တုံ့ပြန်မယ်ဆိုရင် အများကြီး ပြဿနာတွေ ရှုပ်ထွေးကုန်မယ်။ ဒေသမှာတော့ တော်တော်ပေါက်ကွဲနေကြတာပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးနှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရေးနှင့် ခိုင်လုံသည့်သက်သေအထောက်အထားများနှင့် ဦးဝှေ့တင်း၏ မိသားစုများ၊ ပြည်သူများကို ပွင့်လင်းစွာအသိပေးချပြရန် အချိန်တန်ပြီဖြစ်ကြောင်း  ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ကြသည်။

“အခု ထုတ်ပြန်ချက်ထုတ်တာ၊ သဘောထားထုတ်ပြန်တာ ကျွန်တော်တို့ ချင်းလူမျိုးရဲ့ သဘောထားပဲ။ အဲ့ဒီ သဘောထားထုတ်ပြန်တဲ့အပေါ် လိုက်နာတာ၊ မလိုက်နာတာတော့ သူတို့အပိုင်းပဲပေါ့။ ကျွန်တော်တို့ဘက်က တုံ့ပြန်တာတို့ ဘာတို့လည်း လောလောဆယ် အစီစဉ်မရှိပါဘူး။ ကိုယ့်လူကို ပြန်လွှတ်ပေးဖို့နဲ့ အေးချမ်းချမ်းဖြစ်ဖို့ပဲ လိုတာ။ တရားမျှတတဲ့နည်းနဲ့ တော်လှန်ရေးအတွက် လုပ်နေတယ်ဆိုရင် ဘာမှပြောစရာမရှိဘူး။ အခုက လူတွေကို ခြိမ်းခြောက်တယ်။ လူတွေကို ဖမ်းမယ်၊ ဆီးမယ်။ အခုလည်း ခြိမ်းခြောက်နေတာတွေ အများကြီးပဲ။ အဲ့လိုမျိုးလုပ်နေလို့ကတော့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး” ဟု ဦးစိုးထက်က ပြောသည်။

လက်ရှိတွင်  ဦးဝှေ့တင်းကို AA မှ ဖမ်းဆီးထားသည်မှာ ကိုးရက်ကြာမြင့်နေပြီဖြစ်ပြီး  ဦးဝှေ့တင်း၏ကျန်းမာရေးနှင့်အသက်အန္တရာယ်အတွက် ထိန်းသိမ်းထားသည့်အဖွဲ့အစည်းက တာဝန်ယူရလိမ့်မည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ကျွန်တော်တို့ကတော့ သူပြောတဲ့အချက်က ဘာအထောက်အထားမှ တင်ပြနိုင်ခြင်း မရှိပါဘူး။ သူတို့ဘာသာ ခိုင်လုံတယ်ပြောတာပါ။ သူ့မိသားစုကရော၊ ခမီးလူငယ်အဖွဲ့အစည်းကရော ပြောဆိုစွဲချက်တွေ မမှန်ဘူးဆိုတာ ဖြေရှင်းပြီးသားဖြစ်ပါတယ်။ အဲ့တာကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် ကျွန်တော်တို့ ရှုတ်ချတယ်။ နောက်အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်ပါတယ်။ကျွန်တော်တို့ ပါတီက ဒီလောက်ပဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကြာရှည်လာတာနဲ့အမျှ ဦးဝှေ့တင်းရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက်  ထိန်းသိမ်းထားတဲ့အဖွဲ့အစည်းမှာပဲ တာဝန်ယူရပါလိမ့်မယ်လို့ ဒါပဲပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဦးဝှေ့တင်းသည် မြန်မာ့တပ်မတော်၏ ပလက်ဝဒေသအတွင်း စစ်ရာဇဝတ်ကျူးလွန်ထားခြင်းများကို ဖုံးဖိပေးကာ ၎င်း အပြစ်များကို AA အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန် ကြိုးစားနေကြောင်း၊ AA ဆန့်ကျင်ရေး လုပ်ငန်းများ၌ အဓိကလုပ်ဆောင်နေသူများထဲတွင် တစ်ဦးအဖြစ်ပါဝင်နေကြောင်းနှင့် ဦးဝှေ့တင်းထံမှ လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအချို့ကို ရရှိထားပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required