ဆန္ဒပြပွဲများနှင့်အတူ ဘိုလီးဗီးယား နိုင်ငံရေးအကျပ်အတည်း ပိုမို နက်ရှိုင်းလာနေ

ဆန္ဒပြပွဲများနှင့်အတူ ဘိုလီးဗီးယား နိုင်ငံရေးအကျပ်အတည်း ပိုမို နက်ရှိုင်းလာနေ

နိုဝင်ဘာ ၁၀ ။        ။ ဘိုလီးဗီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင်သော ဆန္ဒပြပွဲများအတွင်း ရဲတစ်ချို့ကပါ ဆန္ဒပြသူများဘက်က ပူးပေါင်းပါဝင်လာမှုများ ရှိလာခဲ့ပြီးနောက် နိုင်ငံရေး အကျပ်အတည်း ပိုမိုနက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။

ယင်းနိုင်ငံတွင် သမ္မတ အီဗီ မိုရာလက်စ်ကို ဆန့်ကျင်သော ဆန္ဒပြပွဲများအတွင်း မြို့ကြီးတစ်ချို့တွင် ရဲများကပါ ဆန္ဒပြသူများနှင့်အတူ ပူးပေါင်းပါဝင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

လက်တင်အမေရိကဒေသတွင် သက်တမ်းအကြာရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သည့် မစ္စတာ မိုရာလက်စ်သည် ၎င်း၏ စတုတ္ထမြောက် သက်တမ်းကို ရယူရန် ပြီးခဲ့သည့်လ ရွေးကောက်ပွဲ မဲလိမ်မှု လုပ်ခဲ့ကြောင်း ဆန္ဒပြသူများဘက်က စွပ်စွဲထားသည်။

နိုဝင်ဘာ ၉ ရက်တွင် အတိုက်အခံ ဆန္ဒပြသမားတစ်ချို့က အစိုးရပိုင် ရုပ်သံနှင့် ရေဒီယို သတင်းဌာန နှစ်ခုကို ဝင်ရောက်စီးနင်းပြီး သတင်းအစီအစဉ်ထုတ်လွှတ်မှုများကို ဖြတ်တောက်ပစ်ခဲ့ကြသည်။ ယင်းအပြင် သမ္မတ မိုရာလက်စ်၏ အမဖြစ်သူ၏ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

အဆိုပါ လုပ်ရပ်များနှင့်ပတ်သက်၍ ဘိုလီးဗီးယားသမ္မတ မိုရာလက်စ်က တွစ်တာကနေတဆင့် ပြစ်တင်ရှုတ်ချသွားခဲ့သည်။

လက်ရှိတွင် မငြိမ်မသက် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း မိမိအနေဖြင့် မည်သည့်အမှားအယွင်းမှ လုပ်မထားကြောင်း၊ ယင်းအတွက်ကြောင့် ရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်း သမ္မတ မိုရာလက်စ်က ပြောသည်။

အလားတူ လက်ရှိအခြေအနေအရ သမ္မတ မိုရာလက်စ်ဘက်ကနေ ခုခံကာကွယ်ပေးကြရန် ထောက်ခံသူများကို လက်ရှိ အာဏာရပါတီက တိုက်တွန်းထားလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required