အိန္ဒိယ ဘာသာရေးမြေနေရာ အငြင်းပွားမှု တရားရုံးက ဟိန္ဒူဘက်ကို အနိုင်ပေး

အိန္ဒိယ ဘာသာရေးမြေနေရာ အငြင်းပွားမှု တရားရုံးက ဟိန္ဒူဘက်ကို အနိုင်ပေး

နိုဝင်ဘာ ၉။        ။ အိန္ဒိယနိုင်ငံ အယုဒ္ဓယမြို့တွင် ဟိန္ဒူ နှင့် မွတ်ဆလင်အကြား ဆယ်စုနှစ်များစွာအကြာ ဘာသာရေးမြေနေရာအငြင်းပွားမှုတစ်ခုကို ယခုအခါ အိန္ဒိယ တရားရုံးချုပ်တွင် စီရင်ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။

အဆိုပါ အငြင်းပွား ဘာသာရေး မြေနေရာပေါ်တွင် ဟိန္ဒူတို့ ဘုရားကျောင်း ဆောက်လုပ်နိုင်ပြီဟု အိန္ဒိယ တရားရုံးက ဆုံးဖြတ်ပေးလိုက်သည်။

ယင်း တရားရုံးဆုံးဖြတ်ချက်သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ လက်ထက် ဟိန္ဒူ အမျိုးသားရေးဝါဒီများအတွက် ကြီးမားသည့် အောင်ပွဲတစ်ရပ်လည်း ဖြစ်လာခဲ့သည်။

ယင်း အငြင်းပွား အိန္ဒိယ မြောက်ပိုင်း အယုဒ္ဓယ မြေနေရာတွင် ဟိန္ဒူဘုရားကျောင်း ဆောက်လုပ်ခွင့်ရမည်ဖြစ်ပြီး ယင်းဆောက်လုပ်မှုကို အုပ်ထိန်းသူအဖွဲ့တစ်ခုက ကြီးကြပ်ရမည်ဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။

အဆိုပါနေရာသည် ၁၉၉၂ ခုနှစ်က နှစ်သက်တမ်း ၄၆၀ ရှိ ဗလီကျောင်းတစ်ကျောင်းကို ဟိန္ဒူလူအုပ်စုတစ်စုက ဖြိုချပစ်ခဲ့သည့် နေရာလည်း ဖြစ်သည်။ ယင်းဖြိုချမှုကြောင့် ဘာသာရေးအကြမ်းဖက်မှုများဖြစ်ပွားခဲ့ကာ လူ ၂,၀၀၀ ခန့်အထိ သေဆုံးထားခဲ့ရသည်။

အလားတူ မွတ်ဆလင်တို့ ဗလီကျောင်း ဆောက်နိုင်ရန်အတွက် အယုဒ္ဓယမြို့ရှိ အခြား သီးခြား မြေနေရာတစ်ခုကို မွတ်ဆလင်တို့ထံ ပေးအပ်မည်ဟု တရားရုံးက ပြောသည်။

အဆိုပါ ဟိန္ဒူ-မွတ်ဆလင် ဘာသာရေးမြေနေရာ အငြင်းပွားမှုကို စီရင်ချက် ချမှုမတိုင်ခင် နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ရသလို ပြည်သူများ တည်တည်ငြိမ်ငြိမ် ရှိကြရန် ဝန်ကြီးချုပ် မိုဒီကလည်း ဆော်သြခဲ့ရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required