ပလက်ဝမြို့ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

ပလက်ဝမြို့ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၉။            ။ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ထဲရှိ ပလက်ဝမြို့နယ်တစ်ခုလုံးကို နိုဝင်ဘာ ၉ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုးထက်မှ မဇ္ဈိမသို့အတည်ပြုပြောသည်။

“ ရခိုင်မှာတော့ထုတ်တာကြာပါပြီ။ ကျွန်တော်တို့ဒေသက မထုတ်ထားတဲ့အခါကျတော့ အေအေရဲ့လှုပ်ရှားမှုပိုများလာတယ်။လူထုလည်းအဖမ်းအဆီးခံရတာများလာတယ်။အခုလွှတ်တော်ကိုယ်စားကိုယ်တိုင်မလွတ်သေးဘူး။ ဒီအတွက်ကို နယ်မြေအခြေအနေအရ လုပ်သင့်ပြီလို့ဆိုပြီး အောက်ကတင်ပြလာတဲ့အတွက် ထုတ်တာပါ” ဟု၎င်းကဆိုသည်။

ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆) နာရီမှ နံနက်(၆) နာရီအတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာခြင်းမပြုရန် အမိန့် ထုတ်ပြန်စာတွင်ရေးသားထားသည်။

ထို့အပြင် မြို့နယ်အတွင်း အများပြည်သူဆိုင်ရာ လမ်းများ၊ အဆောက်အဦးများတွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ပြစ်မှု တစ်စုံတစ်ရာကျူးလွန်ရန် ရည်ရွယ်ချက်ဖြစ်စေ လူ ငါး ဦး သို့မဟုတ် ငါး ဦးထက်ပို၍ စုဝေးခြင်းမပြုရန်တို့လည်း ပါရှိသည်။

ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှစ၍ အချိန်နှစ်လပြည့်သည့်အထိ အမိန့်တည်မြဲမည် ဖြစ်သည်။ “ရခိုင်မှာထုတ်တာကြာပါပြီ မြို့နယ် လေး ခုလောက်မှာထုတ်ထားတာ။ ကျွန်တော်တို့က အခုမှထုတ်တာ ” ဟု ဦးစိုးထက်ကပြောသည်။

ရခိုင့်တပ် (AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ ၎င်းတို့၏ တပ်များဝင်ရောက်ရန် စတင်ကြိုးပမ်းခဲ့ချိန်တွင် တောတောင်ထူထပ်သည့် ပလက်ဝမြို့ကို ခြေကုပ်ယူအသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။

ပလက်ဝမြို့နယ်၏ တောင်ဘက်တွင် ရခိုင်ပြည်နယ်အတွင်းမှ  ကျောက်တော်မြို့နယ်၊မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့ နယ်တို့ ရှိပြီး အနောက်ဘက်တွင် ဘင်္ဂလားဒေရှ်နိုင်ငံရှိ ဘန်ဒါဘန်ခရိုင်နှင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်များတည်ရှိသည်။

ပလက်ဝမြို့နယ်တွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြကာ  ရခိုင်၊ဗမာ၊မွန်၊ရှမ်း၊ကချင်နှင့် ကရင်လူမျိုးများလည်းနေထိုင်ကြပြီး စိုက်ပျိုး ရေးအဓိကလုပ်ကိုင်ကြသည့်ဒေသလည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required