ချီလီနိုင်ငံ ဆန္ဒပြပွဲများကြောင့် မီးရှို့မှုများဖြစ်

ချီလီနိုင်ငံ ဆန္ဒပြပွဲများကြောင့် မီးရှို့မှုများဖြစ်

နိုဝင်ဘာ ၉ ။       ။ အစိုးရ၏ မအောင်မြင်သောစီးပွားရေးမူဝါဒများကို မကျေနပ်၍ ဆန္ဒပြပွဲများဖြစ်ပွားနေသည့်ချီလီနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်၌ ဆန္ဒပြသမားများက တက္ကသိုလ် အဆောက်အဦကို မီးရှို့ပြီး ဘုရားကျောင်း တစ်ကျောင်းကို ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

တက္ကသိုလ်ကို ကာကွယ်ထားသည့် လမ်းပိတ်အတားအဆီးများကိုချထားသူ ရဲများနှင့် ဆန္ဒပြသမားများအကြား  အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ခဏအကြာမှာ သက်တမ်း ၁၀၀ ရှိ အုပ်ချုပ်ရေးအဆောက်အဦး တစ်လုံး၏ သစ်သားခေါင်မိုးတွင် မီးများစတင်လောင်ကျွမ်းခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက AFP ကိုပြောသည်။

ဆန္ဒပြသမားများကြောင့် မီးသတ်တပ်ဖွဲ့များလည်း အနားမကပ်နိုင်ခဲ့ပေ။

ထို့အပြင် ခေါင်းစွပ် စွပ်ထားသည့် ဆန္ဒပြသမားများသည် ၁၈၇၆ ခုနှစ်က တည်ဆောက်ခဲ့သည့်  ခရစ်ယာန်ဘုရား ကျောင်းအတွင်းသို့  ဖောက်ထွင်းဝင်ရောက်ကာ  ပရိဘောဂပစ္စည်းများ အပြင်ဆွဲထုတ်ပြီး မီးရှို့ခဲ့သည်။

ပြီးခဲ့သည့်အပတ်က သမ္မတ ဆီဘတ်ရှန်ပီညဲရားက အစိုးရအဖွဲ့အတွင်း ရာထူးများအပြောင်းအလဲလုပ်ပေးခဲ့ပြီး

ဆန္ဒပြမှုများ တည်ငြိမ်သွားစေရန်ရည်ရွယ်၍ အနည်းဆုံးလုပ်ခလစာကို ၄၆၅ ဒေါ်လာသတ်မှတ်သည့် ဥပဒေအပါအဝင် လုပ်ဆောင်ချက်များစွာကို ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း ဆန္ဒပြသမားများက လက်ယာယိမ်းဝါဒီ ဘီလျံနာတစ်ဦးဖြစ်သည့်  သမ္မတ ပီညဲရားကို ရာထူးမှ ဆင်းပေးရန် ဆက်လက်တောင်းဆိုနေကြသည်။  ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required