ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ပထမဆုးအကြိမ် ရရှိခဲ့တဲ့ လမ်းပတ်

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ပထမဆုးအကြိမ် ရရှိခဲ့တဲ့ လမ်းပတ်
Photo: EPL

ချယ်လ်ဆီးနည်းပြချုပ်ဟာ ပရီးမီးယားလိဂ် သုံးပွဲမှာ သုံးပွဲစလုံး အနိုင်ရအောင် အပြာရောင်ခြင်္သေ့တွေကို ဦးဆောင်ခဲ့ပြီးနောက် နည်းပြဆုကို ပထမဆုံးအကြိမ် ရရှိ

ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ်နည်းပြဆုကို နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းပတ်ဟာ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ် (၃)ပွဲစလုံးကို ရာနှုန်းပြည့် အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် တစ်လတာအကောင်းဆုံးဆုအတွက် ဆနခါတင် နည်းပြတွေဖြစ်တဲ့ ကလော့ပ်၊ ဘရန်ဒန် ရော်ဂျာ၊ ဒင်စမစ်နဲ့ ဂရေဟမ် ပေါ်တာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဆောက်သမ်တန်၊ ဘန်လေအသင်းတို့နဲ့ အဝေးကွင်း နှစ်ပွဲစလုံးမှာလည်း (၄)ဂိုးအထိ သွင်းယူကာ နိုင်ပွဲဆက် ရရှိခဲ့တာဖြစ်ပါတယ်။

"ကလပ်အသင်းမှာ ကျနော့်အတွက် ပထမဆုံးဖြစ်တဲ့ အခုလို တစ်ဦးချင်းဆုတစ်ခုကို ရရှိတာဟာ အနီးမှာရှိတဲ့ နည်းပြအဖွဲ့တွေကို အလေးထားဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ကစားသမားတွေနဲ့ ရာသီကြိုကာလာကတည်းက အရမ်းကြိုးစားလုပ်ကိုင်ခဲ့ကြသူတွေပါ။ သူတို့တွေရဲ့ တစ်ယောက်ချင်းစီရဲ့လုပ်ဆောင်ပေးမှုတွေကြောင့် တစ်ယောက်စီတိုင်းအတွက် ကျနော် ကျေနပ်ရပါတယ်။"လို့ အသက် ၄၁ နှစ်အရွယ် လမ်းပတ်က ပြောပါတယ်။

"အောက်တိုဘာလက ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ဘန်လေနဲ့ အဝေးကွင်း ကစားခဲ့တာကို ထုတ်ပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းခက်ခဲတဲ့ နေရာကို သွားပြီး ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့လို့ပါ။"

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းနည်းပြတွေအနက် ဒီဆုရရှိဖူးတဲ့ ခုနှစ်ယောက်မြောက် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးကစားသမားဆုကို အောက်တိုဘာလအတွင်းမှာ လေးဂိုးသွင်းယူနိုင်ခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီက ရရှိခဲ့ပြီးတော့ အကောင်းဆုံးဂိုးဆုကို မက်တီ လောင်းစတပ်ဖ်က မန်ယူနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly