စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း သတ်မှတ်ရာတွင် လုပ်ငန်းကဏ္ဍအသစ်နှစ်ခုကို ထပ်မံထည့်သွင်း မည်

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်း သတ်မှတ်ရာတွင် လုပ်ငန်းကဏ္ဍအသစ်နှစ်ခုကို ထပ်မံထည့်သွင်း မည်

ရန်ကုန်၊ နိုဝင်ဘာ ၈။      ။ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းသတ်မှတ်ရာတွင် လုပ်ငန်းကဏ္ဍနှစ်ခုကို ထပ်မံထည့်သွင်း သွားမည်ဖြစ်ကြောင်း Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

ထိုသို့ ထည့်သွင်းရာတွင် အစိုးရက တင်ဒါခေါ်ယူသည့်လုပ်ငန်းကဏ္ဍ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ လုပ်ငန်းကဏ္ဍစသည့် ကဏ္ဍ နှစ်ခုကို ထပ်မံထည့်သွင်းသွားမည်ဟု သိရသည်။

ယခင်က စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု စာရင်းသတ်မှတ်ရာတွင် စီးပွားရေးလုပ်ငန်းစတင်ခြင်း၊ အဆောက် အဦတည်ဆောက်မှုတွင် လုပ်ငန်းစာချုပ်ပါ အတိုင်း ဆောင်ရွက်နိုင်ခြင်း၊ အကြွေးမဆပ်နိုင်မှုဖြေရှင်းခြင်း၊ မြေယာမှတ်ပုံတင်ခြင်း၊ လျှပ်စစ် ဓာတ်အားရရှိခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း၊ အနည်းစု ရင်းနှီး မြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ဆောင်ခြင်း၊ ချေးငွေရယူခြင်းနှင့်ဆောက်လုပ်ရေးခွင့်ပြု ချက်ဆိုင်ရာဆောင်ရွက်ခြင်းဟူသည့်လုပ်ငန်း ကဏ္ဍ ၁ဝ ရပ်၏ ညွှန်းကိန်းရမှတ်များအပေါ်၌မူတည်၍ နိုင်ငံအလိုက်အဆင့်သတ်မှတ်ခြင်းဖြစ်သည်။

သို့သော် လာမည့်နှစ်တွင် အစိုးရ၏ တင်ဒါခေါ်သည့်လုပ်ငန်းကဏ္ဍတစ်ခုကိုသာ အတိအကျ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ေကြာင်း သိရသည်။

“အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်တာ။ ဒါကတိုင်းတာရခက်တော့ သူတို့က ထည့်တော့ထည့်ထားတယ်။ ဒါပေမယ့် သူကမတွက်သေးဘူး။  ဒါပေမယ့် ဒီနှစ်မှာ သေသေ ချာချာ ထည့်တွက်မှာကဘာလဲဆိုရင် အစိုးရရဲ့ တင်ဒါခေါ်တဲ့ကိစ္စတွေနဲ့ပက်သက်ပြီး မဖြစ်မနေ ထပ်ထည့်မယ်။ပြီးခဲ့တဲ့နှစ်အထိက ဆယ်ခုနဲ့တွက်တာပေါ့။ ဒါပေမယ့် လာမယ့်နှစ်မှာ ၁၁ခုဖြစ်သွားမယ်"ဟု ဦးအောင်ထူးက ပြောသည်။

လက်ရှိတွင် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် ညွှန်းကိန်း တစ်ခုချင်းအလိုက် အထောက်အကူပြု အဖွဲ့များဖွဲစည်းဆောင်ရွက်နေပြီး အဆိုပါညွှန်းကိန်းနှစ်ခုနှင့် ပတ်သက်သည့် အဖွဲ့ နှစ်ဖွဲ့ကိုလည်း ထပ်မံဖွဲစည်းသွားမည်ဖြစ်ကြောင်း သိရသည်။

"အလုပ်သမားကတော့ တိုင်တော့မတိုင်ဘူး။ ဒါပေမယ့်  ကျွန်တော်တို့မှာ အလုပ်သမားပြဿနာတွေရှိတယ်။ အထူးသဖြင့် လှိုင်သာယာတို့မှာ။ အဲတော့ ကျွန်တော်တို့ ဒီအဖွဲ့ကို ဖွဲ့ထားမယ်။ ပြီးတော့မှ ဒီပြဿနာကို ဖြေရှင်းမယ်။ အစိုးရတင်ဒါခေါ်တဲ့ လုပ်ငန်းစဉ်ကိစ္စကတော့ ကျွန်တော် သိပ်မကြောက်ဘူး။ စည်းမျဉ်း စည်းကမ်းတွေအတိုင်းသာ လုပ်သွားမယ်ဆိုရင် သိပ်ပြဿနာ မရှိနိုင်ဘူး" ဟု ဒုဝန်ကြီးက ဆက်လက် ပြောဆိုသည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူမှုရှိ/ မရှိကို ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် Ease of Doing Business  အစီရင်ခံစာ၌ ယခင်နှစ်က မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၁၉၀)အနက် အဆင့်(၁၇၁) သာ ရှိခဲ့ပြီး Doing Business 2020 Report အရ အဆင့်(၁၆၅) သို့ ရောက်ရှိခဲ့သောကြောင့် အဆင့် ၆ ဆင့်သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required