ဧရာဝတီမြစ်ရေ ကျဆင်းလာသောကြောင့် မြစ်လယ်ကျွန်းများတွင် ဆောင်းသီးနှံများစိုက်ပျိုး

ဧရာဝတီမြစ်ရေ ကျဆင်းလာသောကြောင့် မြစ်လယ်ကျွန်းများတွင် ဆောင်းသီးနှံများစိုက်ပျိုး

မကွေး၊နိုဝင်ဘာ ၈။        ။ ဧရာဝတီမြစ်ရေကျဆင်းသွားသောကြောင့် မကွေး၊မင်းဘူးဒေသရှိ ကျွန်းစိုက်တောင်သူများသည် မြစ်လယ်ရှိ ကျွန်းများပေါ်တွင် ဆောင်းသီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြပြီဖြစ်ကြောင်း ကျွန်းစိုက် တောင်သူများထံက သိရသည်။

ယခုနှစ်တွင် ဧရာဝတီကျွန်းမြေကိစ္စ အငြင်းပွားမှုများ မဖြစ်ပွားစေရေးအတွက် ကျွန်းမြေနေရာချထားပေးမှုကို ယခင်နှစ်ကအတိုင်း နံပါတ်စဉ်ဖြင့် တောင်သူတစ်ဦးလျှင် တစ်တာနှုန်းပေးကြောင်း၊ မင်းဘူး-မကွေး ကျွန်း တောင်သူများကို နယ်မြေပိုင်းခြားကာ မကွေး-မင်းဘူးမြို့နယ်မြေစာရင်းဌာနများမှ တိုင်းတာပေးထားကြောင်း မင်းဘူးမြို့နယ်မြေစာရင်းဌာနက သိရသည်။

“ကျွန်တော်တို့ ကျွန်းပေါ်မှာ စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတာ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတာပါ။ ဧရာဝတီမြစ်ရေက နှစ်စဉ်နှစ်ကြိမ်၊ သုံးကြိမ်မြင့်တက်ပါတယ်။ မြစ်ရေပြန်ကျလို့ ကျွန်းတွေပေါ်ပြီဆိုရင် ကိုယ် စိုက်မည့်နေရာကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ရပါတယ်။ ဒီနှစ်တော့မြစ်ရေ နှစ်ကြိမ်မြင့်တက်ခဲ့ပါတယ်။ အခု ရေပြန်ကျပြီ မြေသြဇာကောင်းတဲ့မြေနုမြေများြဖစ်ပေါ်လာပါတယ်။ အဲ့ဒါကြောင့်ဒီနှစ် မြေပဲနှစ်တာအထိ တိုး စိုက်ထားတယ်” ဟုမင်းဘူးမြို့ ရွှေတပင်ကျေးရွာမှ ကျွန်းတောင်သူ ဦးမောင်ဝင်းက ပြောသည်။

နှစ်စဉ်ဧရာဝတီမြစ်ရေကျဆင်းပြီး မြေနုကျွန်းများပေါ်ပေါက်လာချိန်တွင် ဆောင်းသီးနှံများဖြစ်သည့် ကုလားပဲ၊ နေကြာ၊ မြေပဲ၊ ထောပတ်ပဲ၊ စားတော်ပဲ၊ ကြက်သွန်နီ၊ အားလူး၊ ဖရဲ၊ သခွားနှင့် ပန်းမျိုးစုံတို့ကို စိုက်ပျိုးကြ ကြောင်း ကျွန်းစိုက်တောင်သူများထံက သိရသည်။

မြေနုကျွန်းများပေါ်ချိန် ကျွန်းတောင်သူတစ်ဦးလျှင် စိုက်ပျိုးမြေ ၂၅ပေအကျယ် တစ်တာ လုပ်ကိုင်ခွင့်ရပြီး ၎င်းမြေတစ်တာကို ၁၅၀၀ကျပ်နှုန်း အခွန်ပေးဆောင်ရကြောင်း ကျွန်းစိုက်တောင်သူများက ပြောသည်။

“ဒီနှစ်စိုက်ဧကတိုးပြီးလုပ်ချင်တဲ့အတွက် အခြားကျွန်းစိုက်တောင်သူဆီက မြေအငှားယူပြီး ထပ်တိုး စိုက်ပျိုး ထားတယ်။ ပြီးခဲ့တဲ့မိုးတွင်းကာလက မြစ်ရေတက်ပြီး ကျွန်းတွေရေမြှုပ်တော့ စိုက်ထားတဲ့ နှမ်းခင်းတွေ၊ ခရမ်းချဉ်ခင်းတွေ ရေမြုပ်ခဲ့တယ်။ ဒီနှစ်တော့ ဆောင်းသီးနှံမြေပဲနဲ့ကြက်သွန်ကို အဓိကစိုက်တယ်” ဟု ဦးမောင်ဝင်းက ပြောသည်။

ယခုနှစ်တွင် တောင်သူအများစုမှာဈေးကောင်းရရှိေနကြသည့် မြေပဲနှင့်ကြက်သွန်နီကို အဓိကထား၍ အများဆုံး စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ ဧရာဝတီမြစ်လယ်ကျွန်းပေါ်တွင် စိုက်ပျိုးနေသော တောင်သူများထံက သိရှိရသည်။

ယခုလက်ရှိတွင် မြေပဲတောင့်အချိန်၂၅ပေါင်လျှင် ၁၆၅၀၀ ကျပ်နှင့်ကြက်သွန်နီ တစ်ပိသာလျှင် ၃၀၀၀ ကျပ် ဈေးအထိရှိနေပြီး ကြက်သွန်နီဈေးမှာ တစ်နေ့ထက်တစ်နေ့မြင့်တက်နေ၍ ကျွန်းစိုက်တောင်သူများ အနေဖြင့် စျေးကောင်းရနိင်ကြောင်း ခန့်မှန်းထားကြသည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly