ဦးဝှေ့တင်းအတွက် စိတ်ပူတယ်ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြော

ဦးဝှေ့တင်းအတွက် စိတ်ပူတယ်ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြော

နေပြည်တော်၊ နိုဝင်ဘာ ၈ ။           ။ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှအမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပျောက်ဆုံးသွားခြင်း အတွက် စိတ်ပူကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ကလွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ လွှတ်တော်မှာတာဝန်ရှိတာပေါ့။ အဲ့တော့ အဖက်ဖက်ကစဉ်းစားရပါတယ်။ သူ့ရဲ့တာဝန်တွေကို စဉ်းစားရသလို သူ့ရဲ့လုံခြုံရေးကိုလည်း စဉ်းစားရပါတယ်။ ဒီလိုစဉ်းစားတဲ့အခါကျတော့ ကျွန်တော်တို့ဖက်က တစ်ခုခုအမှားအယွင်းဖြစ်သွားလို့ သူ့အတွက်အန္တရာယ်ဖြစ်သွားမှာလည်းစိုးရိမ်ပါတယ်။ ကျွန်တော်တို့က အမြဲတမ်းအချိန်နဲ့အမျှ အမြဲစောင့်ကြည့် နေပါတယ်။ သူ့ရဲ့အန္တရာယ် ဆုံးရှုံးလို့ရှိရင် သူနဲ့သက်ဆိုင်တဲ့ မြို့သူမြို့သား၊ မဲဆန္ဒရှင်တွေရဲ့ အကျိုးကိုလည်း ကျွန်တော်တို့အမြဲစဉ်းစားပါတယ်။ အဖက်ဖက်ကိုစဉ်းစားပါတယ်။”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းသည် ဇိုရမ်ပွီလမ်းပိုင်းမှ တာဝန်ရှိသည့် အိန္ဒိယနိုင်ငံသား လေးဦး၊ ဘာသာပြန် နှစ်ဦးနှင့် Speed Boat ( အမြန်ရေယာဉ်ငယ်) မောင်းသူ နှစ်ဦးတို့နှင့်အတူ နိုဝင်ဘာလ ၃ ရက် နံနက် ၈နာရီခန့်က ပလက်ဝမှ စထွက်ခွာခဲ့ရာ ကျောက်တော်ကြားတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရရှိထားသောသတင်း များအရ ဦးဝှေ့တင်းနှင့်အတူ ပျောက်ဆုံးသွား သော အိန္ဒိယနိုင်ငံသားများနှင့် စက်လှေမောင်းသူတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသော AA လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီး လွတ်မြောက်လာသော ကိုးဦးအနက် အိန္ဒိယနိုင်ငံသားတစ်ဦးမှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့က ဥပဒေရှိတဲ့ အဖွဲ့အစည်းပါ။ ဥပဒေထဲမှာနေရတဲ့ အဖွဲ့အစည်းပါ။ AA ကို ကျွန်တော်တို့ ဘယ်လိုသွားပြောလို့ဖြစ်မှာလဲ။ ကျွန်တော်တို့ကိုယ်တိုင်က ချိုးဖောက်လို့မရပါဘူး။ ကျွန်တော်တို့ သေချာ စောင့်ကြည့်နေပါတယ်။ သူ့ရဲ့အန္တရာယ်ကိုလည်းပူပါတယ်။ အလေးထားပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဘက်က အမှားအယွင်းကြောင့် တစ်ခုခုဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။”ဟု ဦးထွန်းထွန်းဟိန်က ဆက်ပြောသည်။

အဆိုပါကိစ္စအတွက် နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း နိုင်ငံတော် ၏ လုံခြုံရေးကို ထိပါးခြင်းဖြစ်ကြောင်း ဝေဖန်လျှက်ရှိပြီး ဦးဝှေ့တင်း၏ နောက်ဆုံးအခြေအနေအတွက် စိတ်ပူစိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly