မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ကို အားကိုးနိုင်သည်ဟု မစ္စတာစွန်းဂေါ်ရှန်းပြော

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ကို အားကိုးနိုင်သည်ဟု မစ္စတာစွန်းဂေါ်ရှန်းပြော
 Photo - JMC

ရန်ကုန်၊ နိုဝင်ဘာ ၈ ။         ။ မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးစားအကောင်အထည်ဖော်နေသည့်ကာလတွင် တရုတ်နိုင်ငံသည် မြန်မာအစိုးရမှ အားကိုးနိုင်သည့် အဖွဲ့အစည်းကောင်းတစ်ခုဖြစ်သည်ဟု မစ္စတာစွန်းဂေါ်ရှန်းက ပြောဆို လိုက်သည်။

မစ္စတာစွန်းဂေါ်ရှန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ  အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူတစ်ဦးလည်းဖြစ်သည်။

“ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတွန်းအားပေးနေတဲ့အချိန်ကာလအတွင်းမှာ တရုတ်နိုင်ငံက မြန်မာ ပြည်သူတွေနဲ့ မြန်မာအစိုးရကနေပြီး အားကိုးနိုင်တဲ့အဖွဲ့အစည်းကောင်းဖြစ်ပါတယ်လို့ ပြောကြားချင်ပါတယ်။ အနာဂတ်မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ရပ်များကို ဆောင်ရွက်တဲ့အခါမှာ တရုတ်ဘက်ကလည်း မြန်မာ မိတ်ဆွေများရဲ့လိုအပ်ချက်ကို ကူညီဖို့ တတ်တတ်ကြွကြွစဉ်းစားပါတယ်”ဟု ၎င်းက ပြော သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့ကို တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃ သိန်းစီလှူဒါန်းခဲ့သည့် ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သီးခြားအနေဖြင့် နိုဝင်ဘာလထဲမှာပင် NRPC သို့ ကန်ဒေါ်လာ ၄ သိန်း လှူဒါန်းခဲ့သေးသည်။ ထို့အပြင် အာရှရေးရာအထူးကိုယ်စားလှယ်ဖြစ်သူသည် လှူဒါန်းမှုအပြီးတွင် PC အပြင်  JMC တာဝန်ရှိသူများဖြင့်ပါ ထပ်မံတွေ့ဆုံခဲ့ကြသည်။

“အထူးကိုယ်စားလှယ်ပြောတဲ့အတိုင်းပေါ့။ ဒါကတော့ တရုတ်ပြည်သူတွေ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အားပေးတယ်။ ထောက်ပံ့တယ်။ မြန်မာနိုင်ငံလည်း ငြိမ်းချမ်းရေးအမြန်ရရှိဖို့အတွက် သူတို့ရဲ့ စိတ်ရင်းစေတနာနဲ့ကူညီပါတယ်ဆိုပြီးတော့ ပြောသွားတာဖြစ်ပါတယ်”ဟု JMC-U  အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက ဆိုသည်။

တရုတ်နိုင်ငံသည် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် (၄)ဖွဲ့တို့၏ ဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ကူညီပေးနေသည့် နိုင်ငံလည်းဖြစ်သည်။ JMC သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းနှင့် တပ်မတော်တို့ အကြား တိုက်ပွဲများမဖြစ်ပွားရေးနှင့် ဖြစ်ပွားမှုများရှိပါက စစ်ဆေး၊ ဖြေရှင်းပေးရန် NCA စာချုပ်အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required