ဂါလာတာဆာရေးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြတဲ့ ရိုဒရီဂိုရဲ့ စွမ်းဆောင်ရည်ကို မအံ့သြမိဘူးလို့ဆိုတဲ့ ဇီဒန်း

ဂါလာတာဆာရေးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြတဲ့ ရိုဒရီဂိုရဲ့ စွမ်းဆောင်ရည်ကို မအံ့သြမိဘူးလို့ဆိုတဲ့ ဇီဒန်း
Photos: EPA

ကွင်းလယ်လူ ရိုဒရီဂိုဟာ ရီးယဲလ်မက်ဒရစ်က ဂါလာတာဆာရေးကို (၆-၀)ဂိုး နဲ့ ချေမှုန်းနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ ချန်ပီယံလိဂ်သမိုင်းမှာ အမြန်ဆုံး သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ပြီး ပြီးပြည့်စုံတဲ့ ဟက်ထရစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့အပြီးမှာတော့ နည်းပြ ဇီဒန်းက ရိုဒရီဂိုရဲ့ ဒီနေ့ပွဲက စွမ်းဆောင်ရည်ကို မအံ့သြမိပါဘူးလို့ ဆိုပါတယ်။

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ ကစားသမားက ပွဲကစားချိန် (၄)မိနစ်နဲ့ (၇)မိနစ်တို့မှာ နှစ်ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ချန်ပီယံလိဂ်သမိုင်းမှာ ပွဲချိန်အစောဆုံးအချိန်မှာ သွင်းယူနိုင်ခဲ့မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဟက်ထရစ်အစောဆုံးရရှိမယ့် ကစားသမားအဖြစ် မှတ်တမ်းဝင်မယ့် အခွင့်အရေးနဲ့တော့ လွဲချော်သွားခဲ့ရပါတယ်။

ဒါပေမယ့် ဒီပွဲမှာ ရိုဒရီဂိုဟာ ညာခြေ၊ ဘယ်ခြေနဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ ပြီးပြည့်စုံတဲ့ ဟက်ထရစ်သွင်းဂိုးကို ရရှိခဲ့ပါတယ်။ ဒါဟာ အသက် (၁၈)နှစ်နဲ့ (၃၀၁)ရက်သာရှိသေးတဲ့ သူ့အတွက် ချန်ပီယံလိဂ်မှာ ပြည့်စုံတဲ့ ဟက်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားအဖြစ်အနေနဲ့လည်း သတ်မှတ်ခံခဲ့ရပါတယ်။

ရီးယဲလ်အသင်းအတွက် အခြားဂိုးတွေကိုတော့ ရာမို့စ်က ပင်နယ်တီကတစ်ဆင့် တစ်ဂိုး၊ ဘန်ဇီမာက နှစ်ဂိုးသွင်းယူပေးခဲ့ကြပါတယ်။

"သူက ကျနော့်ကို မအံ့သြစေပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အရာအားလုံးရှိပါတယ်။ သူက ဉာဏ်ရည်ဉာဏ်သွေးရှိသူ၊ မြန်မြန်ဆန်ဆန် သင်ယူတတ်မြောက်သူ၊ ပြီးတော့ တိုးတက်ကောင်းမွန်အောင်နဲ့ သင်ယူချင်တဲ့သူပါ။"လို့ မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။

"ကာယပိုင်းအရ သူ ပိုကောင်းအောင် လုပ်ရပါမယ်။ ဒါပေမယ့် နည်းစနစ်ပိုင်းအရတော့ ဘောလုံးနဲ့အတူ အရာရာကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သူ သိထားပါတယ်။"

ရိုဒရီဂိုဟာ ရီးယဲလ်မက်အသင်းနဲ့ ပြိုင်ပွဲစုံမှာ အသင်းအတွက် ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ (၆)ပွဲမှာ (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဒီပွဲမှာ ဘန်ဇီမားအတွက် တစ်ဂိုးဖန်တီပေးခဲ့ပါသေးတယ်။

ရိုဒရီဂိုက "ဒီနေ့မှာ ကျနော့်အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။"လို့ ပြောကြားခဲ့ပါတယ်။

ဘန်ဇီမားက "သူက ကြောက်ရွံ့မနေပါဘူး။ ဘောလုံးကစားတာကို ပျော်ရွှင်နေပြီး ဒီလိုမျိုး ကစားတဲ့ ကစားသမားတစ်ယောက်ကို ချစ်ခင်နှစ်သက်ပါတယ်။"လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

မက်ဒရစ်ရဲ့ အရေးပါတဲ့ ဒီပွဲက အုပ်စု (အေ)မှာ ပီအက်စ်ဂျီအသင်း ထိပ်ဆုံးကနေ ရပ်တည်နေတဲ့တိုင် ရီးယဲလ်တို့ဟာ ကလပ်ဘရုဂေးရဲ့အထက် (၅)မှတ်အသာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly