ငလျင်ဒဏ်သင့်ခဲ့သော ပုဂံရှေးဟောင်းနယ်မြေမှ မြင်းပြ ဂူဘုရားကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်

ငလျင်ဒဏ်သင့်ခဲ့သော ပုဂံရှေးဟောင်းနယ်မြေမှ မြင်းပြ ဂူဘုရားကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်
(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ နိုဝင်ဘာ ၆ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်း အမွေအနှစ်နယ်မြေမှ ငလျင်ဒဏ်သင့်ခဲ့သော မြင်းပြဂူဘုရားကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် Getty Conservation Institute တို့ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု Getty Conservation Institute မှ အဆောက်အဦးနှင့် လုပ်ငန်းခွင် ခေါင်းဆောင် Susan Macdonald က ပြောသည်။

ထိုသို့ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင်Getty Conservation Instituteမှ ငွေကြေးနှင့်နည်းပညာတို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ငလျင်ဒဏ်ခံထားရတဲ့အတွက် ပြုပြင်တာတွေလုပ်ပြီးတော့ နောင်လာမယ့် ငလျင်ဒဏ်ကိုလည်း ခံနိုင်ရည် ရှိအောင် ဆောင်ရွက်မယ် ။ အတွင်းပိုင်းမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကို နည်းပညာနဲ့ သန့်ရှင်းရေးတွေ လုပ်မယ်။ ဒီက လူတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲဆိုတာ နည်းပညာတွေပေးသွားမယ်။"ဟု Getty Conservation Institute မှ အဆောက်အဦနှင့် လုပ်ငန်းခွင် ခေါင်းဆောင် Susan Macdonald က ပြောသည်။

Getty Conservation Institute အနေဖြင့် ယခုလက်ရှိတွင် ဘုရားအမှတ် ၁၄၉၃ မြင်းပြဂူဘုရားအား သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

"သူတို့က နည်းပညာလည်းကူညီမယ်။ ငွေကြေးလည်းစိုက်ထုတ်လုပ်မယ်။ အဲ့ဒီတော့ တို့ဆီက ရှေးဟောင်း အဆောက်အအုံက ထိန်းသိမ်းပြီးသားဖြစ်သလို နည်းပညာလည်းရတယ်။ တို့တွေတိုင်းဒေသကြီး အစိုးရအနေနဲ့ကတော့ လုပ်ငန်းအပေါ်မှာ အနှောက်အယှက်မဖြစ်အောင် ကာကွယ်ပေးမယ်။"ဟု မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က ပြောသည် ။

မြင်းပြဂူဘုရားသည် ပြုပြင်ထိန်းသိမ်းမှု အနည်းဆုံးဘုရားဖြစ်ပြီး နံရံဆေးရေးပန်းချီနှင့် ရုပ်လုံးများ ၊ သစ်သားပါဝင်သည့် ရှေးဟောင်းအဆောက်အဦ ဖြစ်ကာ ၁၂ ရာစု ခေတ်လက်ရာဖြစ်ကြောင်း သိရသည်။

Getty Conservation Institute အနေဖြင့် ပုဂံရှေးဟောင်း အမွေအနှစ်နယ်မြေမှ ရှေးဟောင်းအဆောက်အဦ များ ထိန်းသိမ်းပြုပြင်မှုကို ဆယ်နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

 
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly