၂၀၁၉ခုနှစ် မန်းရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်

၂၀၁၉ခုနှစ် မန်းရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်

မကွေး၊ နိုဝင်ဘာ ၆ ။        ။  ၂၀၁၉ခုနှစ် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌနေရာအပါအဝင် ငါးနေရာကို ပြန်လည်ရွေးချယ် ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်‌နေ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဝန်ကြီးများအစည်းအ‌‌ဝေးနေ့မှာ ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်၊ ရွေးချယ်ရခြင်းကတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်း ရေးမှူးနဲ့ ဘဏ္ဍာရေးမှူးနေရာတွေကို တစ်နှစ်တစ်ခါ ပြန်လည်ရွေးချယ်တာပါ။ နောက်နှစ်လည်း ဒီအချိန် ရောက်လာရင် ပြန်ရွေးဦးမှာပါ။ ကျွန်တော်တို့က ဘာမှဝင်ရောက်စွက်ဖက်တာမဟုတ်ဘူး။ သူတို့ဘာ သူတို့ အသင်းဥက္ကဋ္ဌဘယ်သူ၊ ဒုဥက္ကဋ္ဌဘယ်သူ၊ တွဲဘက်အတွင်းရေးမှူး ဘယ်သူ၊ဘဏ္ဍာရေးဘယ်သူကိုဆိုတာ သူ့တို့ဘာသူတို့ မဲပေးရွေးကြတာပါ။ ဒီနှစ်‌ရွေးပြီးလည်း နောက်နှစ် ပြန်ရွေးမှာပါ။ ဒီနေရာတွေက အမြဲတမ်း ပါမစ်နစ်မဟုတ်ဘူး” ဟု ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောသည်။

လက်ရှိအစိုးရလက်ထက်တွင် မန်းရွှေစက်တော်ဘုရားဂေါပက တာဝန်ထမ်းဆောင်ရန် မင်းဘူးခရိုင်ရှိ မြို့နယ်ငါးခုမှ လျှောက်ထားသူများထဲက ၁၉ ဦးကို ရွေးချယ်ပြီး တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း တာဝန် ထမ်းဆောင်ရမည့် သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး တိုင်းအစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍရေးမှူးတို့၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကို အစည်းအဝေးဖိတ်ပါတယ်။ အစည်းအဝေးဖိတ်တော့ ကျွန်တော်တို့သွားတက်ကြပါတယ်။ အစည်းဝေးမှာပဲ ဝန်ကြီးချုပ်က ဂေါပကငါးနေရာ ပြန်လည်ရွေးချယ်ဖို့ စီစဉ်လိုက်တာပါ။ ကျွန်တော်တို့ အကုန် လုံး ဘယ်သူမှမသိပါဘူး။ အဲ့ဒီနေ့က ဂေါပက ၁၉ဦးလုံး မတက်နိုင်ပါဘူး။ လက်‌ရှိဥက္ကဋ္ဌ ဦးအောင်သိန်းနဲ့ တွဲဘက် အတွင်းရေးမှူး ဦးနွဲ့အောင်တို့ ခွင့်တင်ထားတာရှိတယ်။ ကျွန်တော်တို့ ၁၇ယောက်နဲ့ပဲ ဒီရွေးချယ်ပွဲကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်” ဟု လက်ရှိဂေါပကဥက္ကဋ္ဌ အဖြစ်အရွေးချယ်ခံရသူ ပွင့်ဖြူမြို့မှ ဦးဌေးဝင်းက ပြောသည်။

အဆိုပါ ရွေးချယ်ပွဲနေ့တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တက်ရောက်လာသည့် ဂေါပကအဖွဲ့ဝင်များကို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ကိုယ်ပိုင်ဆန္ဒရှိသည့်အတိုင်း၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊အတွင်းရေးမှူး၊တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနေရာများကို လွတ်လပ်စွာရွေးခိုင်းခဲ့ကြောင်း ဦးဌေးဝင်းက ဆိုသည်။

“မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ကို အကုန်ပြန်ရွေးချယ်ခြင်းမဟုတ်ဘဲ နဂိုမူလအတိုင်းအစိုးရ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဥက္ကဌ၊ဒုဥက္ကဌ၊အတွင်းရေးမှူး၊တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနေရာများသည် သက်တမ်းတစ်နှစ်သာ ဖြစ်စေရမည်ဟု သတ်မှတ်ချက်အရ ယင်းနေရာများသာ ပြန်လည်ရွေးချယ်ခြင်းဖြစ်ကြောင်း

“အကုန်လုံးတော့ပြန်မရွေးဘူး။ တိုင်းအစိုးရက ဦးဆောင်ရွေးချယ်ခဲ့တာမဟုတ်ဘူး။ ဒိုင်အဖြစ်နဲ့တော့ အစိုးရအဖွဲ့က နေပေးပါတယ်။ အဓိကတော့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးကို ဦးဆောင်ဦးရွက်ပြုပြီး‌တော့ ရွေးချယ်ခိုင်းလိုက်တာပါ။ အားလုံးရှေ့မှာတရားဝင်ဖြစ်အောင်ေပါ့လေ။ သူတိုသက်သေအဖြစ်တော့ရှိနေမယ်။ ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေနဲ့ တိုင်းဌာနဆိုင်ရာ ခရိုင်ဌာနဆိုင်ရာတွေ အကုန်ရှိတဲ့အချိန်မှာ ဦးစန်းဌေးက ခေါင်းဆောင်ပြီးတော့ ဆောင်ရွက်သွားတာပါ။ ရွေးချယ်တော့ ကျွန်တော်တို့စိတ်ကြိုက်ပါပဲ။ တစ်ဦးချင်းကို မဲတစ်ယောက်ချင်း မဲပေးပါတယ်။ တစ်ယောက်ချင်းကနေ ကိုယ့်စိတ်ကြိုက်ရွေးပြီးမှ မဲထည့်သွားတာပါ”ဟု ဒုဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရသူ မင်းဘူးမြို့မှ ဦးထွန်းဝေက ပြောသည်။

အသစ်ပြန်လည်ရွေးချယ်မှုများအရ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌအဖြစ် ပွင့်ဖြူမြို့မှ ဦးဌေးဝင်း၊ ဒုဥက္ကဋ္ဌအဖြစ် မင်းဘူးမြို့မှ ဦးထွန်းဝေ၊ အတွင်းရေးမှူးအဖြစ် စလင်းမြို့မှ ဦးခင်မောင်စိုး၊ တွဲဘက်အတွင်းရေမှူး အဖြစ် မင်းဘူးမြို့မှ ဦးနွဲ့အောင်၊ ဘဏ္ဍာရေးမှူးအဖြစ် ငဖဲမြို့မှ ဦးအောင်ကြည်တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်ပလျက်ရှိကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly