မက္ကဆီကိုမှာ အမေရိကန်နိုင်ငံသား ၉ ဦး ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံး 

မက္ကဆီကိုမှာ အမေရိကန်နိုင်ငံသား ၉ ဦး ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံး 

နိုဝင်ဘာ ၅ ။          ။ မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းမှာ နိုဝင်ဘာ ၄ ရက်က  မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုက လက်နက်ကိုင်တွေလို့ သံသယရှိ သူတွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ကိုးဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ခြောက်ဦးအထိ ပါဝင်နေပါတယ်။

သေဆုံးသူတွေကတော့ Mormon ဘာသာရေးဂိုဏ်းအစုအဖွဲ့နဲ့ ဆက်စပ်တဲ့ မိသားစုဝင်တွေဖြစ်ပြီး မက္ကဆီကိုမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက အခြေချခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီး သုံးဦးလည်း ပါဝင်တဲ့ အဆိုပါ သေဆုံးသူတွေကတော့ Sonora နဲ့ Chihuahua ပြည်နယ်တွေကြားမှာ ယာဉ်တန်းနဲ့ သွားလာခဲ့စဉ် ခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ယခုဖြစ်စဉ်မှာ ကျူးလွန်တဲ့ သံသယရှိ မူးယစ်ဂိုဏ်းအဖွဲ့က ၎င်းတို့ကို လူမှားပြီး သတ်ခဲ့မိပုံ ရကြောင်း မက္ကဆီကို လုံခြုံရေးဝန်ကြီးက ပြောသွားပါတယ်။

ယင်းကဲ့သို့ အမေရိကန် နိုင်ငံသားတွေ အစုအပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ မူးယစ်ဂိုဏ်းတွေကို ချေမှုန်းဖို့ မက္ကဆီကို အာဏာပိုင်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ယင်း မူးယစ်ဂိုဏ်းတွေကို ရှင်းလင်းတဲ့အခါမှာ လိုအပ်ပါက အမေရိကန်ဘက်ကလည်း အကူအညီပေးသွားမယ်လို့ ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly