နယူးယောက်မိခင် လသားအရွယ်သမီးငယ်ကို ခြောက်ထပ် ပြတင်းပေါက်မှ ပစ်ချ၍ သေဆုံး

နယူးယောက်မိခင် လသားအရွယ်သမီးငယ်ကို ခြောက်ထပ် ပြတင်းပေါက်မှ ပစ်ချ၍ သေဆုံး

နယူးယောက်၊ အောက်တိုဘာ - ၁၉ ။     ။ မျက်မြင်သက်သေများနှင့် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မွေးကင်းစ လသားအရွယ်ကလေးငယ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့က နယူးယောက်ရှိ ဘရွန့်တိုက်ခန်းအဆောက်အအုံ၏ ခြောက်လွှာပြတင်းပေါက်မှ ပစ်ချခံရသောကြောင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

၆ လအရွယ် ဂျနီလာ လောရင့်စ်မှာ နယူးယောက်ရွှေမြို့တော်တွင် သုံးလအတွင်း တိုက်ခန်းပြတင်းပေါက်မှ ပစ်ချခံရပြီးနောက် သေဆုံးသွားခဲ့သည့် တတိယမြောက်ကလေးငယ်ပင် ဖြစ်သည်။ ကလေးငယ် မှာမိခင်ဖြစ်သူ တင်နီရှာ ဖီအာရွန် (၂၇နှစ်)၊ အခြားကလေး သုံးယောက်တို့နှင့် အတူ ရှိနေခဲ့သည်ဟု ရဲတပ်ဖွဲ့က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဖီအာရွန်ကို ဖို့ဒမ်ဟိုက်ဝင်းကျင်ရှိ တိုက်ခန်းမှ ကျန်းမာရေးဆေးစစ်ရန် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ နောက်ပိုင်းတွင် လူသတ်မှုဖြင့် ဖမ်းဆီးတရားစွဲခဲ့သည်ဟု ဆိုသည်။

သောကြာနေ့တွင်ဖီအာရွန်အား အာမခံမပေးဘဲ ဖမ်းချုပ်ထားခဲ့ပြီး တရားသူကြီးက စိတ်ကျန်းမာရေး စစ်ဆေးရန် အမိန့်ထုတ်ခဲ့သည်။ တရားသူကြီး ကင်ဝီလ်ဆင်က ဖီအာရွန် ကျန်းမာရေးစောင့်ကြည့်ရန်နှင့် ကာကွယ်သည့်အနေဖြင့် ထိန်းသိမ်းထားရန် အမိန့်ထုတ်ခဲ့ခြင်းပင် ဖြစ်သည်။

အိမ်နီးချင်းများကမူ ဖီအာရွန်က ကလေးကို တိုက်ခန်းပြတင်းပေါက်အပြင်ဘက် လွှဲထုတ်လိုက်သည်ကို မြင်ခဲ့ကြကြောင်း ပြောကြားခဲ့ပြီး အရေးပေါ်ဌာနကို ဖုန်းဆက်ခေါ်ခဲ့သူများကလည်း ကလေးငယ်ကို ပစ်ချလိုက်သည်ကို မြင်ကြရကြောင်း ပြောကြားခဲ့ကြသည်။.

အိမ်နီးချင်းတစ်ဦးဖြစ်သည့် လီဇက် ရိုဒရီဂွက်ဇ်ကမူ ဖီအာရွန်၏ ‘ငါ သူ့ကို ပစ်ချလိုက်တော့မယ်။ ငါတို့အားလုံး သေရတော့မယ်’’ဟု အော်ဟစ်သံကို ကြားခဲ့ရသည်ဟု ပြောသည်။

လမ်းထဲမှ အခြားသူများကလည်း ကလေးငယ်ကို ပစ်မချရန် ဖီအာရွန်ကို သတိပေးရန် ကြိုးစားခဲ့ကြသေးသည်ဟု ဆိုသည်။

အရေးပေါ်ဌာနသို့ ဖုန်းခေါ်ခဲ့သည့် ရိုဒရီဂွက်ဇ်ကမူ ဂျနီလာလေး မြေပြင်ပေါ်ကျသွားသည့်အသံကိုပင် ကြားလိုက်ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့်လကလည်း ဘရွန့်၏ ယူနီဗာစီတီဟိုက်နယ်မြေထဲတွင် မွေးကင်းစကလေးငယ် မိန်းခလေးတစ်ယောက်ကို သေဆုံးလျှက်သားနှင့် တွေ့ရှိခဲ့ကြသည်။ သူမ၏ မိခင်ဖြစ်သူကို ကလေးငယ်အား ခုနှစ်ထပ်ပြတင်းပေါက်မှ ပစ်ချခဲ့သည်ဟူသော သံသဖြင့် လူသတ်မှု၊ လူသေစေမှုများနှင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

သြဂုတ်လကလည်း တစ်လအရွယ်သားငယ်ကို လေးထပ်ပြတင်းပေါက်မှာ အသေပစ်ချမှုနှင့် ဆက်နွယ်၍ ကွင်းစ်မှ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသမီးနှစ်ယောက်စလုံးကမူ အပြစ်မရှိကြောင်း အယူခံဝင်ထားကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly