ဘုန်းတော်ကြီး ကျောင်းဝင်းများ၌ နေထိုင်စီးပွားရှာနေသူများကို သတ်မှတ်ရက်အတွင်း ဖယ်ရှားထားခြင်း ရှိမရှိ စစ်ဆေး

ဘုန်းတော်ကြီး ကျောင်းဝင်းများ၌ နေထိုင်စီးပွားရှာနေသူများကို သတ်မှတ်ရက်အတွင်း ဖယ်ရှားထားခြင်း ရှိမရှိ စစ်ဆေး

မန္တလေး နိုဝင်ဘာ ၅။       ။ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းများတွင် အခြေချနေထိုင်ကာ စီးပွားရေး လုပ်ကိုင်သူများကို သတ်မှတ်ရက်အတွင်း ဖယ်ရှားထားခြင်း ရှိမရှိ ချမ်းအေးသာစံမြို့နယ် သံဃာ့နာယက အဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

အဆိုပါနေထိုင်သူများကို သီတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် သတိပေးခဲ့ပြီး နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီက အမှန်တကယ် ဖယ်ရှားခြင်း ရှိမရှိကို  ချမ်းအေးသာစံမြို့နယ် သံဃာ့နာယက အဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ကျောင်းတော်တော်များများတော့ လူနေထိုင်တာမရှိတော့ဘူး။ အတော်လေးကြည်နူးစရာကောင်းပါတယ်။ ကြည်ညိုစရာကောင်းပါတယ်။ ဒီလိုဖြစ်ပေါ်လာတာကလည်း နိုင်ငံတော် သံဃာ့နာယက ညွှန်ကြား ခဲ့တာ ကြာပါပြီ ။ ခုမှ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အားပေးမှုနဲ့ အာဏာစက် ဓမ္မစက်ညီမျှလို့သာ အခုလို အောင်မြင်တာပါ။" ဟု ချမ်းအေးသာစံမြို့နယ် သာသာနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည်။

ချမ်းအေးသာစံမြို့နယ်သံဃာ့နာယက အဖွဲ့အနေဖြင့် ၎င်းတို့မြို့နယ်အတွင်းရှိ သင်္ဂဇာကျောင်းတိုက် ၊ အကောက်ဝန်ကျောင်းတိုက် နှင့် ဒက္ခိဏဝန်ကျောင်းတိုက်များအတွင်းရှိ ကျောင်းပေါင်း ၄၀ ကျော်အား အောက်တိုဘာလက စစ်ဆေးခဲ့ပြီး ယခု နိုဝင်ဘာလတွင် အဆိုပါကျောင်းများကို ပြန်လည်စစ်ဆေးရာတွင် လူနေထိုင်မှုများနှင့်စီးပွားလုပ်ငန်း လုပ်ကိုင်သူများ မရှိတော့ကြောင်းသိရသည်။

ထို့အပြင် ကျောင်းတိုက်များတွင် မြေလွတ်မြေလပ်များ ပြန်လည်ရရှိခဲ့ပြီး ထပ်မံနေထိုင်မှုများမရှိစေရန်နှင့် ကျူးကျော်မှုများမရှိစေရန် အုတ်တံတိုင်းကာရံခြင်းများ ပြုလုပ်သွားရန် ချမ်းအေးသာစံမြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် က ကျောင်းတိုက်ဆရာတော်များအား မိန့်ကြားခဲ့သည်။

ဘုန်းကြီးကျောင်းများတွင် အခြေချနေထိုင်သူအများအပြားရှိနေခြင်း သစ်စက်၊ ကျောက်ဖြတ်စက် ၊ ကာဝပ်ရှော့ ကားဘော်ဒီလုပ်ငန်းစသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ယခုလို ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်သည်။ ထို့အပြင် ကျန်ရှိနေသည့် မြို့နယ်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်း (သာသနာ့နယ်မြေ) နှင့် ဘုန်းကြီးကျောင်းအနီးရှိ မီးတားမြေအဖြစ် သတ်မှတ်ထားသော မြေနေရာမျာပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြေနေရာငှားရမ်း၍ လုပ်ငန်းများဆောင်ရွက်ခြင်း ၊ ခွင့်ပြု ထားခြင်းတို့အား အမြန်ရှင်းလင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်သံဃာ့နာယက အဖွဲ့မှ တဆင့် ဘုန်းကြီးကျောင်း တစ်ကျောင်းချင်းစာထွက်ရန် နှင့် လိုက်နာမှုမရှိပါက ရှင်းလင်းဖယ်ရှားနိုင်ရေး စီမံ ဆောင်ရွက်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required