ရန်ကုန်တက္ကသိုလ် အတွင်းပတ်လမ်း တည်ဆောက်မှု စီမံကိန်း ယာယီရပ်ဆိုင်း

ရန်ကုန်တက္ကသိုလ် အတွင်းပတ်လမ်း တည်ဆောက်မှု စီမံကိန်း ယာယီရပ်ဆိုင်း

ရန်ကုန်၊ နိုဝင်ဘာ ၄။   ။ ကန့်ကွက်ဆန္ဒပြမှုများကြောင့် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ပတ်လမ်း တည်ဆောက်မှုကို ယာယီရပ်ဆိုင်း ထားရန် နိုဝင်ဘာလ (၄)ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ဆွေးနွေးအတည်ပြုထားကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ  ကိုညီဇော်က ပြောသည်။

အဆိုပါ အတွင်းပတ်လမ်းတည်ဆောက်မှုကို ယာယီရပ်ဆိုင်းထားရန်အတွက် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၏ သဘောတူညီချက်ကို မရရှိပါက စီမံကိန်းကို လုံးဝဖျက်သိမ်းရန်၊ သစ်တောဦးစီးဌာန၏ သဘောတူညီချက်မရရှိဘဲ ထပ်မံမခုတ်ထွင်းရန်၊ မလိုအပ်သည့် ပြောင်းလဲခြင်းမပြုလုပ်ရန် စသည့် အချက် (၃)ချက်ဖြင့် တာဝန်ရှိသူများနှင့် သဘောတူညီခဲ့ကြောင်း သိရသည်။

“တက္ကသိုလ် အတွင်းဘက်ကနေ ဖောက်မယ်လို့ပြောထားတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကျောင်းထဲမှာက ဝင်ပေါက်တွေအများကြီးရှိတယ်။ မိန်းပေါက်မှာရှိတယ်။ ရာမညဆောင်ပေါက်မှာ ရှိတယ်။ အမရာဆောင်ရှေ့မှာ အပေါက်ရှိတယ်။ စစ်ကိုင်းလမ်း၊ သထုံဆောင်ရှေ့မှာ ကားဝင်လို့ရတဲ့ အပေါက်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျောင်းတွင်း လမ်းပန်းဆက်သွယ်ရေးပိုကောင်းအောင်ဆိုပြီး ဒီအပေါက်တွေကို မဖွင့်ဘဲနဲ့ ကျောင်း တွင်းစိမ်းလန်းရေး၊ ဂေဟစနစ်ကို ဖျက်ဆီးနေတဲ့ ပတ်လမ်းဖြစ်တာကြောင့် ကန့်ကွက်နေရတာပါ”ဟု  ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ  ကိုညီဇော်က ပြောသည်။

အဆိုပါကိစ္စအတွက် ဆွေးနွေးအတည်မပြုခင် နိုဝင်ဘာလ (၄)ရက်နေ့ ၊ နေ့လယ်ပိုင်းက ရန်ကုန်တက္ကသိုလ် အတွင်း ပတ်လမ်းတည်ဆောက်ရန် သစ်ပင်များ ခုတ်လှဲမှုအတွက် သဘောမတူညီတာကြောင့် ပတ်လမ်း တည်ဆောက်မည့် လမ်းတစ်လျှောက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက  ဒုတိယအကြိမ် ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပတ်လမ်းတည်ဆောက်ရာတွင် အပင်(၇၆)ပင်အား ခုတ်လှဲရန် လျာထားသော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သစ်ပင်မခုတ်ရဆိုသည့် ကမ်ပိန်းလုပ်ဆောင်ရန်အတွက် ခုတ်မည့်သစ်ပင်အရေ အတွက်မှတ်သားထားသည်များကို လိုက်လံရေတွက်ကြည့်ရာ အပင်(၁၀၀)ကျော်ရှိနေကြောင်း သိရသည်။

“စည်ပင်က သစ်ပင်ခုတ်မယ်ပြောတော့ ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် နောက်နေ့မှာ ထပ်ခုတ်တယ်။ အဲ့တုန်းက ဌာနမှူးတွေပါ ကန့်ကွက်ထားတာရှိတယ်ဆိုတော့ ကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ ဆန္ဒကို ထည့်ပြီး တော့ မစဉ်းစားတဲ့ စီမံကိန်းလို့ မြင်တယ်”ဟု ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် အတွင်းပတ်လမ်းတည်ဆောက်မှု စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်၊ မဖော်ကို နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အစည်းအဝေးခေါ်ယူကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သဘောတူညီချက်ကို ရယူလုပ်ဆောင်သွားမည်ဟု သိရသည်။

အဆိုပါ တက္ကသိုလ်ပတ်လမ်းကို အကောင်အထည်ဖော်ဖြစ်ပါက ပညာရေးဘတ်ဂျက်ငွေ ကျပ် ၁.၄သန်း အသုံးပြုကာ တည်ဆောက်သွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly