မဲရုံဝန်းထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၂၉ ရက်နေ့ ကြိုတင်မဲပေးနိုင်ပြီ

မဲရုံဝန်းထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၂၉ ရက်နေ့ ကြိုတင်မဲပေးနိုင်ပြီ
 မြောက်ဦးမြို့နယ်တွင် ဥပဒေအထောက်အကူပြုကွန်ယက်မှ ဒေသခံပြည်သူများကို ခိုင်လုံမဲထည့်နိုင်ရန် သင်တန်းပေးနေစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ/DMG)

စစ်တွေ၊ အောက်တိုဘာ ၁၉ ။           ။ ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် အခြားမဲရုံအဖွဲ့ဝင်များတို့မှာ ယခုလာမည့် ၂၉ ရက်တွင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲစပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကြိုတင်မဲပေးနိုင်သည့် ပုံစံ (၃) မျိုးဖြင့် ခွဲခြားသတ်မှတ်ထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ အရာရှိ ကိုသူရိန်ထွဋ်က ယခုလိုပြောသည်။

"တပ်မတော်သား ကြိုတင်မဲက အခု ဒီ ၁၆ ရက်နေ့က စနေပါပြီ။ ၂၉ ရက်နေ့ကျတော့ ဌာနဆိုင်ရာတွေ၊ ရွေးကောက်ပွဲမှာပါမယ့် အဖွဲ့ခွဲအဖွဲ့ဝင်တွေ၊ ပြီးရင် မဲရုံအဖွဲ့ဝင်တွေ၊ ၂ ရက် အလိုကျတော့ ၆၊ ၇ ပေါ့နော်။ ဒီမဲဆန္ဒနယ်တွေမှာရှိတဲ့ ကြိုတင်မဲတွေပေါ့။ နာမကျန်းလို့ အိပ်ရာထဲမှာ လဲနေတဲ့သူတွေပေါ့ စပေးလို့ရပြီ။" ဟု ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်မဲပေးနိုင်ရန် ယခု ပုံစံ ၁၅ လျှောက်လွှာများအား တက္ကသိုလ်များသို့ ပေးပို့ထားပြီဖြစ်ကြောင်း၊ ကြိုတင်မဲပေးရန် ရရှိလာသည့် မဲစာရင်းများကို သက်ဆိုင်ရာ မြို့နယ်များသို့ လှမ်းအကြောင်းကြားကာ ပေးပို့သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်များမှ ပြန်ပြီး ကြိုတင်မဲထုတ်ပေးမှသာ ကျောင်းသားများမှာ ကြိုတင်မဲပေးနိုင်မည်ဖြစ်ကြောင်း ကိုသူရိန်ထွဋ်က ဆိုသည်။

တခြား တိုင်းနှင့်ပြည်နယ်များတွင် စစ်တပ်အတွက် သီးသန့် မဲရုံထားရှိသော်လည်း ရခိုင်ပြည်နယ်တွင် စစ်တပ်အတွက် သီးသန့် မဲရုံထားရှိခြင်းမရှိကြောင်း၊ သို့သော်လည်း စစ်တပ်ထဲတွင် မဲရုံများထားရှိရန် ခွင့်ပြုထားသော်လည်း ရဲဌာနများတွင် ထားရှိရန် ခွင့်မပြုထားကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မဲရုံပေါင်း ၂၅၅၀ အသုံးပြုသွားမည်ဖြစ်ကြောင်း သူကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပုံစံ ၃(က) ဖြင့်မဲပေးရန် လျှောက်ထားသူ အရေအတွက် ၃၇၈၅ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှိအဖွဲ့ခွဲထံမှ သိရသည်။

ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ပြင်ပရောက်နေသည့် တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် နိုင်ငံ့ဝန်ထမ်းများ၊ သင်တန်းသားများ ၊ ကျောင်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက် ရောက်နေရသော အတွင်းလူနာများ ကြိုတင်မဲပေးခွင့်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly