နိုဝင်ဘာ ၃ ။ ။ ထိုင်းနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ကတော့ အာဆီယံ ထိပ်သီးအစည်းအဝေး ဘေးပန်းပြင်ပမှာ သီးခြား တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ယင်းသို့ တွေ့ဆုံရာမှာတော့ နှစ်နိုင်ငံအကြား ချိတ်ဆက် ဆက်သွယ်ရေးနဲ့ လုပ်နိုင်စွမ်းအား တည်ဆောက်မှု အပိုင်း နယ်ပယ်တွေမှာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီ ဆွေးနွေးပွဲကတော့ အပြုသဘောဆောင်ပြီး အကျိုးရှိခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရာဗီးရှ် ခူးမားက တွစ်တာကနေတဆင့် ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေလျက် ရှိတာဖြစ်ပါတယ်။