ရန်ကုန်တက္ကသိုလ်အတွင်း စည်ပင်မှ သစ်ပင်များခုတ်နေမှုအပေါ် ကျောင်းသားများသမဂ္ဂ ဆန္ဒပြ

ရန်ကုန်တက္ကသိုလ်အတွင်း စည်ပင်မှ သစ်ပင်များခုတ်နေမှုအပေါ် ကျောင်းသားများသမဂ္ဂ ဆန္ဒပြ
ဓာတ်ပုံ - သူရ(မဇ္ဈိမ)

ရန်ကုန်၊ နိုဝင်ဘာ ၂ ။          ၊ ရန်ကုန်တက္ကသိုလ်အတွင်း ပတ်လမ်းဖောက်လုပ်ရန်အတွက် စည်ပင်ဌာနက သစ်ပင်များခုတ်နေမှုအပေါ်  ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆန္ဒထုတ်ဖော်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ သစ်ပင်များအား ထပ်မခုတ်ရန်နှင့် အပေါ်ယံရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအား ဦးစားမပေးရန် ကျောင်းအာဏာပိုင်များသို့ တောင်းဆိုခဲ့ကြသော်လည်း တာဝန်ယူဆောင် ရွက်ပေးခြင်း မရှိသောကြောင့် နိုဝင်ဘာ၂ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဒီသစ်ပင်တစ်ပင်ဖြစ်ဖို့က နှစ်ပေါင်းများစွာအချိန်ယူရတယ်။ ခုတ်လိုက်ရင် ကျွန်တော်တို့က တစ်နာရီတည်းနဲ့ ခုတ်လို့ရတယ်။ ပြောချင်တာက အခုအချိန်မှာ ကျောင်းထဲမှာလက်ရှိ ရှိနေတဲ့ စိမ်းလန်းမှုတွေ ဂေဟစနစ်တွေအားလုံးကို ဖျက်စီးနေတယ်လို့မြင်တယ်။ "ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုညီဇော်က ပြောသည်။

အစိုးရကချပေးသည့် လုပ်ငန်းစဉ်နှင့် ကျောင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် စည်ပင်ကသစ်ပင် များအား ခုတ်ပစ်နေခြင်းဖြစ်သည်ဟု သိရပြီး ပတ်လမ်းဖောက်ရန်အတွက် နှစ်ချို့သစ်ပင် ၇၆ ပင်အား ခုတ်ပစ်ရန် လျာထားသည်ဟု သိရသည်။

"အခုကျွန်မတို့သွားကြည့်ခဲ့တဲ့အခါမှာ သူတို့အမှတ်ပေးထားတဲ့သစ်ပင်တွေက အင်မတန်မှ နှစ်ကိုရာနဲ့ချီနေတဲ့ တန်ဖိုးရှိတဲ့ အပင်တွေပါ။ အဲ့ဒီအပင်တွေကို ဘာမပြော ညာမပြောနဲ့ ဒီလိုစက်ပစ္စည်းနဲ့ တစ်ရက်တည်း ခုတ်ပစ် လိုက်တယ်ဆိုတာ ဒါဖြစ်ဖို့နှစ်ကိုရာနဲ့ချီနေတဲ့အချိန်မှာ တစ်ရက်တည်းနဲ့ဆုံးရှုံးသွားတာမျိုး မဖြစ်သင့်ဘူး။ ပညာ ရေးပိုင်းကတာဝန်ရှိတဲ့သူတွေရော အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိတဲ့သူတွေရော အားလုံးသိစေချင်ပါတယ်။ မလို အပ်ဘဲ သစ်ပင်ခုတ်တဲ့ကိစ္စကို ကျွန်မအနေနဲ့ လုံးဝကန့်ကွက်ပါတယ်။ သူများနိုင်ငံမှာ အပင်တွေကို တန်ဖိုးထား နေတဲ့ အချိန်မှာ ကျွန်မတို့ဆီမှာ ဒီလောက်တန်ဖိုးရှိတဲ့အပင်တွေ ဘာဖြစ်လို့ ခုတ်ပစ်တာလဲ။ စိန်ပန်းပင်တွေဆို အများကြီးပဲ ခုတ်ပစ်ပါတယ်။ တက္ကသိုလ်နဲ့ စိန်ပန်းဆိုတာ ဘယ်လောက် ပဏာယလည်းဆိုတာ အားလုံး သိပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒီကိစ္စကိုလုံးဝကန့်ကွက်ပါတယ်။"ဟု ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူဟောင်း မရီရီသာက ပြောသည်။

ယခုအခြေအနေသည် ပတ်လမ်းဖောက်ရန်အတွက်သာမက အခြားနေရာများ၌ပါ သစ်ပင် ခုတ်ထားသည်များ တွေ့ရသဖြင့် ထိုကိစ္စများကို အွန်လိုင်းကမ်ပိန်းများအပြင် အခြား ကမ်ပိန်းများ လုပ်ဆောင်ကာ အင်အား ကောင်းကောင်းနှင့် ခုခံသွားမည်ဟု ကျောင်းသားသမဂ္ဂကပြောသည်။

"အဲ့တော့ သူတို့လမ်းဖောက်ထားတဲ့အနေထားတွေလည်း ကျွန်တော်တို့တွေ့ပါတယ်။ ခုတ်ဖို့အမှတ်သား ပေးထားတဲ့ အနေထားတွေလည်း တွေ့ပါတယ်။ ကျွန်တော်တို့တက္ကသိုလ်ကြီးမှာ ဒီလောက်ထိလည်း မလိုအပ်ပါဘူး။ ပြီးတော့ဒီနေရာကလည်း အများသူငါသွားမယ့် ဘတ်စ်ကားလမ်းတွေ၊ အမြန်ကားတွေ သွားမယ့် နေရာမျိုးလည်းမဟုတ်ပါဘူး။ ဒီလောက်ထိလည်း မလိုအပ်တဲ့အတွက်ကြောင့်မို့ ဒီသစ်ပင်တွေကို ခုတ်လှဲဖို့ မလိုအပ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။"ဟု သစ်ပင်ချစ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးသန်းထိုက်ဦးက ပြောသည်။

ယခုကဲ့သို့ သစ်ပင်ခုတ်လှဲမှုများအား လုပ်ဆောင်ရန် တက္ကသိုလ်မှ တာဝန်ရှိသည့် ပုဂ္ဂိုလ်များ၊ သစ်တောမှ ပုဂ္ဂိုလ်များနှင့် စည်ပင်မှ ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးကာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly