ကျောက်မဲတွင် နွားကားတစ်စီး ပစ်ခတ်ခံရ၊ ယာဉ်မောင်းသေဆုံး

ကျောက်မဲတွင် နွားကားတစ်စီး ပစ်ခတ်ခံရ၊ ယာဉ်မောင်းသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂။        ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ချောင်းချောက်ရွာအကျော်တွင် (ယနေ့)နိုဝင်ဘာ ၂ ရက် ၊ မနက် ၈ နာရီခန့်က နွားများတင်ဆောင်လာသော ကားအားအမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်မှုကြောင့် ယာဉ် မောင်းတစ်ဦးသေဆုံးခဲ့ပြီး လူနှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတကျောက်မဲ အသင်းထံမှ သိရသည်။

နိုဝင်ဘာ ၂ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ၊ ချောင်းချက်ကျေးရွာအနီးရှိ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် နွားတင်ဆောင်လာသော ကားတစ်စီးပစ်ခတ်ခံရခြင်းကြောင့် ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံး ရှမ်းများပရဟိတကျောက်မဲအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
“ ကျွန်တော်တို့ဆီ သူတို့က အကြောင်းကြားတော့ ကျွန်တော်တို့က သွားရောက်ကူညီပေးတာ ဖြစ်တယ်။ ဆေးရုံသွားပို့ပေးတာ ဟိုရောက်တော့ ပွဲချင်းပြီး တစ်ယောက်သေတယ်။   ဆေးရုံရောက်တော့ နောက်ထပ် တစ်ယောက် ဆုံးတာတော့မသိဘူး။ ကျွန်တော်တို့လည်း ပို့ပြီးတာနဲ့ တန်းပြီး  ပြန်လာတာ။

ကျွန်တော်တို့ သွားတုန်းက ကားနှစ်စီး ၊ ဒဏ်ရာရ လူကနှစ်ယောက်၊ သေတာက တစ်ယောက် ၊  ကျွန်တော်တို့ကတော့ လူနာကို ကျောက်မဲ ပြည်သူ ဆေးရုံကြီးပဲ ပို့ပေးလိုက်တယ်။တချို့ကပြောတယ်။ ဆေးရုံရောက်တော့ နောက်တစ်ယောက်သေတယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း သေချာလား ၊ မသိရဘူး” ဟု နမ့်ခုံး ရှမ်းများ ပရဟိတကျောက်မဲ အသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 လက်ရှိတွင်  သေဆုံးသယာဉ်မောင်း၏ ရုပ်အလောင်းကို သီပေါလူငယ်ပရဟိတအသင်းမှ ကျောက်မဲ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ပစ်ခံရတယ် အသံကြားတော့ ကျွန်တော်တို့က ကားနဲ့သွားခေါ်တယ်။ ဟိုရောက်တော့  ဒဏ်ရာရတဲ့လူတွေကို ကျောက်မဲ ၊ နမ့်ခုံးရှမ်းပရဟိတအသင်းက ခေါ်သွားတယ်။ ကျွန်တော်တို့ သေဆုံးသူ ရုပ်အလောင်းပဲ သယ် တာပါ။  ခုဏက ထပ်ကြားတာက နောက်ထပ် တစ်ယောက် ပြန်သေတယ် ကြားတယ်။

ကျွန်တော်တို့ကလည်း ကျွန်တော်တို့ နယ်မဟုတ်တော့ သေတဲ့သူကို ဆေးရုံပို့ပြီး တန်းပြန်လာတော့ ဘယ်နှစ်ယောက်သေလဲ ကောင်းကောင်းတော့ မသိဘူး” ဟု သီပေါလူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly