စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာအရ မြန်မာနိုင်ငံမှ အဆင့် ၆ ဆင့်တိုးတက်လာ

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာအရ မြန်မာနိုင်ငံမှ အဆင့် ၆ ဆင့်တိုးတက်လာ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ နိုဝင်ဘာ ၂။             ။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အဆင့် (၁၆၅) တွင် ရပ်တည်ခဲ့သောကြောင့် ယခင်နှစ်ကထက် အဆင့် ၆ ဆင့်တိုးတက်လာလာကြောင်း နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦမြင့်ဆွေက ပြောသည်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု အစီရင်ခံစာ Doing Business 2020 Report ထုတ်ပြန်ခြင်းအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်အုပ်စုမှ နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ပူးပေါင်း၍ နိုဝင်ဘာ ၁ရက်နေ့ကဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

“မြန်မာနိုင်ငံသည် ယခုနှစ်၌ ပြုပြင်ပြောင်းလဲမှု အကောင်းဆုံးဆောင်ရွက်နိုင်သည့် နိုင်ငံ၂၀ ထဲတွင် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့်အတူ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မှာ ယခင်နှစ်က အဆင့်(၁၇၁) ၌ ရှိခဲ့ပြီး ယခုအခါ အဆင့် ၆ ဆင့် မြင့်တက်လာခဲ့ပြီး အဆင့် (၁၆၅) သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ အကောင်းဆုံးအကွာအဝေးသို့ ရမှတ်အားဖြင့် ၁၀၀ တွင် ယခင်နှစ် ၄၃.၅ မှတ်မှ ယခုနှစ် ၄၆.၈ မှတ်သို့ တိုးတက်ရရှိခဲ့တာဖြစ်ပါတယ်” ဟု ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦမြင့်ဆွေပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် အရေးပါသော တိုးတက်ပြောင်းလဲမှုများကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုအစီရင်ခံစာမှ တိုင်းတာရာတွင် စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်း၊ ဆောက်လုပ်ရေးပါမစ် လျှောက်ထားခြင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း နှင့် ပဋိညာဉ် အတည်ပြု ဆောင်ရွက်ခြင်း စသည့်နယ်ပယ် ၅ ခုကို လေ့လာတိုင်တာ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 “မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်ရလွယ်ကူမှု အခြေအနေများ တိုးတက်လာစေရန် အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအဖွဲ့ (Doing Business Reform Working Group – DBRWG) ကို ဖွဲ့စည်းခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ပဲ့ကိုင်လမ်းညွှန် ဆောင်ရွက်နေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းမှ အရှေ့အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Vivek Pathk က ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပကုန်သွယ်မှုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃.၅၃ ဘီလီယံနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄.၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး၊ လျာထားချက်ထက် အမေရိကန်ဒေါ်လာ၃.၈၇၉ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက် (၁၃၁၅)ခု ရှိခဲ့ပြီးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉.၂၁၄ ဘီလီယံအပါအဝင် ကျပ် ၁၇,၇၇၂.၆၈၆ ဘီလီယံ ရရှိခဲ့သည်။
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှုအစီရင်ခံစာသည် ကမ္ဘာ့ဘဏ် (World Bank) မှ နိုင်ငံ ပေါင်း ၁၉၀ ရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းများလုပ်ဆောင်ရန် အဆင်ပြေလွယ်ကူမှုကို တိုင်းတာဖော်ပြ၍ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သောအစီရင်ခံစာဖြစ်ကြောင်း သိရပြီး ယခုအစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly