ထိုင်းမှာ တောဝက်ဘောလုံးအသင်း ပိတ်မိခဲ့တဲ့ ထမ့်လွန်လှိုဏ်ဂူကို ခရီးသွားတွေအတွက် ပြန်လည် ဖွင့်လှစ်

ထိုင်းမှာ တောဝက်ဘောလုံးအသင်း ပိတ်မိခဲ့တဲ့ ထမ့်လွန်လှိုဏ်ဂူကို ခရီးသွားတွေအတွက် ပြန်လည် ဖွင့်လှစ်

နိုဝင်ဘာ ၂ ။       ။ ထိုင်းမှာ တောဝက် လူငယ် ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ ဘောလုံးနည်းပြဖြစ်သူတို့ ယမန်နှစ်တုန်းက ပိတ်မိနေခဲ့တဲ့ ထမ့်လွန်လှိုဏ်ဂူကို ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ထိုင်းအာဏာပိုင်တွေက ခရီးသွားတွေအတွက် ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။

ယမန်နှစ်တုန်းက အဆိုပါ ဘောလုံးအသင်းသားတွေနဲ့ နည်းပြတို့ ယင်း ထမ့်လွန်ဂူထဲ ဝင်သွားပြီးနောက် ၁၇ ရက်ကြာ ပိတ်မိနေခဲ့တာကို ပြန်လည်ကယ်တင်ခဲ့ရမှုကတော့ တစ်ကမ္ဘာလုံး စိတ်ဝင်စားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အဆိုပါ ဘောလုံးအသင်းသားတွေကို အသက်ရှင်လျက် ပြန်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ယင်း ထမ့်လွန်ဂူကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁ ရက်မှာတော့ အဆိုပါ လှိုဏ်ဂူကို ခရီးသွားတွေအတွက် ပြန်လည် ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။

ယင်းလှိုဏ်ဂူပြန်ဖွင့်လှစ်တဲ့ တစ်နေ့တည်းမှာပဲ ခရီးသွားဦးရေ ၂,၀၀၀ လောက်ဟာ အဆိုပါ ကမ္ဘာကျော် လှိုဏ်ဂူဆီ ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

“ လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ ခရီးသွားတွေကို လှိုဏ်ဂူအဝမှာပဲ ကြည့်ရှုလေ့လာခွင့် ပေးထားပါတယ်၊ ခုချိန်မှာတော့ အဝင်ဝကနေ ကျော်လွန် ဝင်ရောက်ခွင့်မပေးသေးပါဘူး၊ ဒါပေမယ့် အထဲက လမ်းကြောင်း ဘေးကင်းမှု ရှိမရှိ စစ်ဆေးပြီးတာနဲ့ သူတို့ကို ဂူထဲ ခပ်နက်နက်အထိ ဝင်ခွင့်ပေးဖို့ ကျွန်တော်တို့ စဉ်းစားသွားပါမယ်” လို့ ယင်း ဂူကို ကြီးကြပ်နေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရုံးက ဒါရိုက်တာ Kamolchai Kotcha က ပြောသွားပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required