ONE Championship ဝိတ်တန်းတွင် ထိပ်တန်းကစားသမား အများဆုံး ဖယ်သာဝိတ်တန်း အကြောင်း

ONE Championship ဝိတ်တန်းတွင် ထိပ်တန်းကစားသမား အများဆုံး ဖယ်သာဝိတ်တန်း အကြောင်း

ONE Championship သည် အာရှ၏ အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝန်းမှ အရည်အချင်းရှိသည့် ကစားသမားကောင်းများစွာ ပါဝင်ယှဉ်ပြိုင်နေကြသည့် ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို အဓိကထားယှဉ်ပြိုင်သည့် ပြိုင်ပွဲဖြစ်သည့်အလျှောက် ကစားသမားများကို ဝိတ်တန်း ၉ ခုအထိ ခွဲကာ ယှဉ်ပြိုင်စေသည်။ ယင်းဝိတ်တန်းများထဲတွင် ကစားသမားကောင်း အများဆုံးအဖြစ် သတ်မှတ်နိုင်သည့်ဝိတ်တန်းမှာ ဖယ်သာဝိတ်တန်း (၁၅၅ ပေါင်/ ၇ဝ.၃ ကီလို) ဖြစ်သည်။

ဖယ်သာဝိတ်တန်းကို ONE Championship ပြိုင်ပွဲ ကျင်းပသည့် ၂ဝ၁၁ ခုနှစ်ကတည်းက စတင်ထည့်သွင်းကျင်းပခဲ့ခြင်းြဖစ်ပြီး ၈ နှစ် အတွင်း ချန်ပီယံအပြောင်းအလဲ ၄ ကြိမ် ဖြစ်ခဲ့သည်။ ချန်ပီယံဖြစ်ဖူးသည် ကစားသမား ၅ ဦး ရှိပြီး ၃ ဦးက လက်ရှိဝိတ်တန်းတွင် ယှဉ်ပြိုင် ကစားနေသေးသည်။ ထို့ပြင် ဖယ်သာဝိတ်တန်းသည် မည်သည့်ပြိုင်ပွဲတွင်မဆို ကစားသမား အများဆုံး ဝိတ်တန်းတစ်ခုဖြစ်သည့်အ တွက် ONE Championship တွင်လည်း ဖယ်သာဝိတ်တန်း ကစားသမား အမြောက်အမြားရှိသည်။ ၎င်းတို့ထဲတွင်မှ လက်ရှိ ချန်ပီယံ ကိုပင် စိန်ခေါ်နိုင်စွမ်းရှိသည့် ကစားသမားနှင့် စိန်ခေါ်ခဲ့ပြီးသည့် ကစားသမား ပမာဏက များပြားလွန်းလှသည်။

ဖယ်သာဝိတ် ချန်ပီယံများ သမိုင်း

၂ဝ၁၁ ခုနှစ် က ပထမဆုံး ကျင်းပခဲ့သော ONE Championship ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်း တွဲဆိုင်းတစ်ဆိုင်း စတင်ပါဝင်လာခဲ့ပြီး ယနေ့အချိန်ထိ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်သည့် သက်တမ်းရှည်ကစားသမား Eric “The Natural” Kelly ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၂ တွင်တော့ Honorio “The Rock” Banario Shannon “Oneshin” Wiratchai တို့ ကဲ့သို့သော ကစားသမားများ ပါဝင်လာခဲ့ သည်။ ပထမဆုံး ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကျင်းပခဲ့ပြီး ဖိလစ်ပိုင် အားကစားသမား နှစ်ဦးဖြစ်သည့် Kelly နှင့် Banario တို့ ထိပ်တိုက်တွေ့ခဲ့ကြသည်။ ယင်းပွဲတွင် Banario က အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပြီး ONE Championship သမိုင်းတွင် ပထမဆုံး ဖယ်သာဝိတ်တန်း ချန်ပီယံဖြစ်ခဲ့သည်။

၂ဝ၁၃ ခုနှစ်၊ မေလတွင်ကျင်းပသည့် ONE: Rise to Power ပြိုင်ပွဲကမူ ONE Championship သမိုင်းတွင် ဖယ်သာဝိတ်တန်း ကစားသ မား တစ်ဦးမှမပါဝင်သည့် ပထမဆုံးပြိုင်ပွဲဖြစ်ခဲ့သည်။ ယင်းနှစ်အတွင်းမှာပင် ချန်ပီယံ Banario ကို ဂျပန်ကစားသမား Koji Oishi က အ နိုင်ယူကာ ချန်ပီယံခါးပတ် လွှဲပြောင်းခဲ့ရသည့်ဖြစ်ရပ် ဖြစ်သွားခဲ့သည်။ Banario က Oishi ကို နောက်တစ်ခေါက် မကျေပွဲ ပြန်လည် စိန်ခေါ်ခဲ့သေး သော်လည်း ထပ်မံရှုံးနိမ့်ခဲ့သဖြင့် ချန်ပီယံအိပ်မက်ကို လက်လျှော့လိုက်ရသည်။ Oishi သည် ဖယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ရက်ပေါင်း ၄၅၅ ရက်ကြာ ထိန်းသိမ်းခွင့်ရခဲ့သည်။

ချန်ပီယံနှစ်ဦး တစ်ပြိုင်တည်း ပေါ်ထွက်ခဲ့ခြင်း

၂ဝ၁၄ တွင် Oishi ထံမှ ချန်ပီယံခါးပတ်ကို မွန်ဂိုလီးယားအားကစားသမား Narantungalag "Tungaa" Jadambaa က ထပ်မံ လုယူ ခဲ့သည်။ Jadambaa သည် ၎င်း၏ ပထမဆုံး ချန်ပီယံကာကွယ်ပွဲကို Kelly နှင့် ယှဉ်ပြိုင်ရန်စီစဉ်ခဲ့သော်လည်း Kelly ၏ အဖွဲ့နှင့် ညှိနှိုင်းမှု အဆင်မပြေသဖြင့် ပျက်ပြယ်ခဲ့ရသည်။ ထို့နောက် ယင်းအချိန်က လုံးဝ ရှုံးပွဲမရှိသေးသည့် ရုရှားအားကစားသမား Marat “Cobra” Gafurov နှင့် ပွဲတည်ခဲ့ရာ Gafurov ဘက်မှ လက်ခံသဖြင့် ပွဲဖြစ်ခဲ့သည်။ သို့သော် ပြိုင်ပွဲကျင်းပသည့်အချိန်တွင် Jadambaa ဘက်မှ ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲကြုံနေရသဖြင့် Gafurov ကို Martin “The Situ-Asian” Nguyen နှင့် ရင်ဆိုင်စေခဲ့ရာ Gafurov အနိုင်ရပြီး ဖယ်သာဝိတ်တန်း ယာယီချန်ပီယံ ဖြစ်လာခဲ့သည်၊။

ထိုသို့ လက်ရှိ ချန်ပီယံနှစ်ယောက် ဝိတ်တန်းတစ်ခုတည်းတွင် ချန်ပီယံဖြစ်နေသည့်အတွက် ခါးပတ်နှစ်ခုကိုပေါင်းစည်းရန် ၎င်းတို့ နှစ်ဦးကို ၂ဝ၁၅ ခုနှစ်တွင် ထိပ်တိုက်တွေ့ဆုံစေခဲ့ရာ Gafurov ကပင် အနိုင်ရခဲ့သည်။ ထို့ကြောင့် ချန်ပီယံနှစ်ယောက် ဖြစ်နေခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီး Gafurov ကပင် တစ်ဦးတည်းချန်ပီယံ ဖြစ်လာခဲ့သည်။ Gafurov ၏ ချန်ပီယံနေ့ရက်များသည် ရက်ပေါင်း ၆၃၆ ရက်အထိ ကြာရှည်ခံခဲ့ပြီး ၂ဝ၁၇ တွင် Nguyen က ၎င်းကို အနိုင်ရခဲ့သဖြင့် နောက်ထပ် ချန်ပီယံအသစ်တစ်ယောက် ထပ်မံပေါ်ထွက် လာခဲ့သည်။ Nguyen သည် ဖယ်သာဝိတ်တန်းအပြင် လိုက်ဝိတ်တန်းသို့ပါ တက်ပြီး ချန်ပီယံခါးပတ်ကို စိန်ခေါ်အနိုင်ယူခဲ့သဖြင့် ONE Championship ၏ ပထမဆုံး ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်လာသည်။

တံခွန်စိုက် ရှုံးထွက်ပွဲများ

ONE Championship သည် ၎င်းတို့၏ပြိုင်ပွဲကို နိုင်ငံတစ်နိုင်ငံနှင့် စတင်မိတ်ဆက်သည့်အခါတိုင်း ယင်းနိုင်ငံမှ ကစားသမားများ ပါ ဝင်ယှဉ်ပြိုင်နိုင်စေရန် ဖိတ်ခေါ်လေ့ရှိပြီး တံခွန်စိုက်ဖလားများ ဆုချီးမြှင့်ပေးလေ့ရှိသည်။ ထိုသို့ ပြိုင်ပွဲများကျင်းပရာတွင် ကစားသမား ပေါများသည့် ဖယ်သာဝိတ်တန်းပွဲများကို အများဆုံး ကျင်းပလေ့ရှိသည်။ ထို့ကြောင့် ONE Championship သမိုင်းတစ်လျှောက် နိုင်ငံအလိုက် ကျင်းပသော တံခွန်စိုက်ရှုံးထွက်ပြိုင်ပွဲများ၊ Grand Prix ပြိုင်ပွဲများတွင် ဖယ်သာဝိတ်တန်း ပွဲပေါင်း ၇ ပွဲအထိ ပါဝင်ခဲ့သည်။

ကျင်းပပြီးစီးခဲ့သည့် ဖယ်သာဝိတ်တန်း ရှုံးထွက်ပွဲများမှာ မလေးရှား ဖယ်သာဝိတ်တန်း ချန်ပီယံရှစ်၊ ကမ္ဘောဒီးယား ဖယ်သာဝိတ် GP၊ ဘေဂျင်း ဖယ်သာဝိတ် GP (၂ ကြိမ်)၊ ကွမ်ကျိုး ဖယ်သာဝိတ် GP၊ မြန်မာ ဖယ်သာဝိတ် တံခွန်စိုက် ပြိုင်ပွဲ(၂ ကြိမ်) တို့ ဖြစ်ကြသည်။ အဆိုပါ ပြိုင်ပွဲတစ်ခုစီမှ ထွက်ပေါ်လာသည့် ချန်ပီယံများနှင့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သူ အများအပြားသည် လက်ရှိ ဝိတ်တန်း တွင် ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ကမ္ဘာ့ချန်ပီယံများ ဖြစ်လာခြင်းမရှိသေးသော်လည်း လက်စွမ်းကောင်းမွန်သည့် ကစားသမားများ အဖြစ် ရပ်တည်နေကြသည်။

ချန်ပီယံ စိန်ခေါ်နိုင်သည့် ကစားသမားများ

ONE Championship ၏ လက်ရှိ ဖယ်သာဝိတ်တန်းတွင် ကစားသမား အမြောက်အမြားရှိသည့်အနက် ထိပ်တန်း လက်စွမ်းမျိုး ပိုင်ဆိုင်သူများမှာ ယခင် ချန်ပီယံဟောင်းများဖြစ်ကြသည့် Gafurov နှင့် Jadamba၊ လိုက်ဝိတ်တန်း ချန်ပီယံဟောင်း Kotetsu “No Face” Boku၊ ဖိလစ်ပိုင်မှ Kelly ညီအစ်ကိုများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် Edward “The Ferocious” Kelly၊ ဖယ်သာဝိတ်တန်း ၏ အလဲထိုး နိုင်ပွဲအများဆုံးကစားသမား “ဘူရှီဒို” ဖိုးသော်၊ တရုတ်အားကစားသမားများ ဖြစ်ကြသည့် “The underdog” Li Kai Wen “The Stalker” Xie Bin “Cannon” Ma Jia Wen၊ မေလးရွားအားကစားသမား Keanu Subba၊ တစ်ပွဲမှ မရှုံးဖူးသေးသည့် Gerry “The Lion Killer” Tonon စသူတို့ ဖြစ်ကြသည်။

ထို့ုပြင် ဖယ်သာဝိတ်တန်းသို့ ကစားသမားသစ်များ ဝင်ရောက်မှုကလည်း တစ်ပွဲထက်တစ်ပွဲ ပိုပိုများလာလျက်ရှိသည်။ ONE Warrior Series တွင် လက်စွမ်းပြခဲ့သဖြင့် ခေါ်ယူစာချုပ်ခြင်းခံရသော မွန်ဂိုလီးယားအားကစားသမား Shinechagtga Zoltsetseg ကဲ့သို့သော ပင်ကိုဗီဇ ထူးချွန်သော အားကစားသမားများကိုလည်း ဖယ်သာဝိတ်တန်းတွင် တွေ့ရသည်။ လိုက်ဝိတ်တန်း (၁၇ဝ ပေါင်/ ၇၇.၁ ကီလို) နှင့် ဘင်တန်ဝိတ်တန်း (၁၄၅ ပေါင်/ ၆၅.၈ ကီလို) တန်းမှ ကစားသမားကောင်းများလည်း ကိုယ်အလေးချိန် အတင်အချ ပြုလုပ်ပြီး လာရောက် စိန်ခေါ်ယှဉ်ပြိုင်နိုင်ခွင့်ရှိသဖြင့် ကစားသမားကောင်း အပေါများဆုံး ဝိတ်တန်းတစ်ခုအဖြစ် ယူဆရမည်ဖြစ်သည်။

ONE :Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required