၂၀၁၈ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစားသမားဆုများကို ဝူးရှူးအားကစားသမား နှစ်ဦးရရှိ

၂၀၁၈ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးအားကစားသမားဆုများကို ဝူးရှူးအားကစားသမား နှစ်ဦးရရှိ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ အောက်တိုဘာ ၃၁ ။         ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှပါဝင်ကူညီပံ့ပိုးမှုနှင့် အားကစားမီဒီယာများ အဖွဲ့ချုပ်ကရွေးချယ် ပေးအပ်သော ၂၀၁၈ခုနှစ်အတွက် မြန်မာ့အကောင်းဆုံးကစားသမားဆုများကို မြန်မာ့ လက်ရွေးစင် ဝူရှူးအားကစားသမားငြိမ်းချမ်းကိုကိုနှင့် ဝူရှူးအားကစားမယ် အေးသစ္စာမြင့်တို့က ရရှိခဲ့သည်။

"စပြီးကစားရင်ခံယူချက်က ဘယ်သူမှ ပြင်းပြင်းထန်ထန်ကြီးတော့ရှိမှမဟုတ်ပါဘူး။ ဒီအတိုင်း လေ့ကျင့်လာတယ်။ ယှဉ်ပြိုင်လာတယ်။ ပြည်တွင်းပြည်ပတွေ ပြိုင်လာကြတယ်။ ပြိုင်ပွဲတွေပြိုင်ရင်း ပြိုင်ရင်းနဲ့ စိတ်ဓာတ် တွေပိုပြီးတက်ကြွလာစေပါတယ်။ ပြည်ပပြိုင်ပွဲတွေဆို ပိုဆိုးပါတယ်။ နိုင်ငံနဲ့ ရင်းပြီးလုပ်ရတော့ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့အတွက် အဓိကဖြစ်လာတဲ့အတွက် ပြိုင်ပွဲတိုင်းမှာ နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြိုင်ခဲ့ပါတယ်။

ဝူရှူးအနေနဲ့ ဒီလိုဆုတွေ ရခဲ့တယ်။ ဆုတွေ မလွှဲမချော်ခဲ့တဲ့အတွက်လည်း ဝူရှူးအတွက် ညီမလည်းဝမ်းသာပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော် ရွှင်ရွွှင်နဲ့ သေသေချာချာ လေ့ကျင့်ခဲ့တာဖြစ်တဲ့အတွက် ပြိုင်ပွဲတိုင်းကို အကောင်း ဆုံးပြိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဆုတံဆိပ်ကတော့မလွှဲပါဘူး" ဟု မြန်မာ့အကောင်းဆုံးကစားသမားဆုရ မြန်မာ့ လက်ရွေးစင်ဝူရှူးအားကစားမယ် အေးသစ္စာမြင့်က ပြောသည်။

၂၀၁၈ ခုနှစ်တစ်နှစ်တာအတွက် အကောင်းဆုံးအားကစားသမားများအားဆုချီးမြင့်ခြင်း အခမ်း အနားကို အောက်တိုဘာလ ၃၁ ရက်နေ့၊နံနက်ပိုင်းက ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားသင်တန်းခန်း မတွင် ပြုလုပ်ခဲ့ပြီး အကောင်းဆုံးကစားသမား ဆု နှစ်ဆု နှင့် အထူး ၅ ဆုကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

" ဒီဆုကိုချီးမြှင့်ခြင်းခံရတာက ၂၀၁၈ ခုနှစ်မှာရတဲ့ဆုတံဆိပ်တွေပါ။ အာရှပြိုင်ပွဲဖြစ်တဲ့ အိန္ဒိယ မှာ ရွှေတစ်ခု ၊ငွေတစ်ခု ရတယ်။ ချင်းမိုင် မှာ World Body Buliding Championship အဲမှာငွေတံဆိပ် ရပါတယ်။

အဲဒါကြောင့်အထူးဆုရရှိခဲ့ပါတယ် " ဟု အထူးဂုဏ်ပြုအားကစားသမား ဆု ရရှိခဲ့သည့် မြန်မာလက်ရွေးစင်ကာယဗလမောင် ထွန်းမင်း က မီဒီယာများကိုပြောသည်။

ဆုငွေချီးမြှင့်ရတာတွင် မြန်မာနိုင်ငံအိုလစ်ပစ်ကော်မတီ မှ အကောင်းဆုံးအားကစားဆု နှစ်ဆုအတွက် ကျပ် ၁၀သိန်းစီနှင့် အားကစားမီဒီယာများအဖွဲ့ချုပ်ကကျပ် ၁၀သိန်းစီတို့ချီးမြင့်ခဲ့ပြီး အထူးဆု ၅ ဆုအတွက် မြန်မာ နိုင်ငံအိုလံပစ်ကော်မတီက ကျပ် ၅သိန်းစီ ၊ အားကစားမီဒီယာများအဖွဲ့ချုပ်က ကျပ် ၅သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက် အထူးဆု ကဏ္ဍတွင် MMA ကစားသမား အောင်လအန်ဆန် ပါဝင်ခြင်းမရှိတော့ပဲ ၎င်း၏ နေရာတွင် မြန်မာကြက်တောင်အားကစားလောက ပြန်လည်တိုးတက်ရေးအတွက် ဆောင် ရွက်ခဲ့သည့် ကြက်တောင်  အားကစားမယ် သက်ထားသူဇာက အတိုးတက်ဆုံး အားကစားသမားဆု  အထူးဆုကိုရရှိခဲ့သည်။ 

တက်သစ်စလူငယ် အားကစားသမား ဆုကို တိုက်ကွမ်ဒို ကစားသမား မောင်ထွန်းလင်းမောင် ၊ကာယဗလမှ ထွန်းမင်း နှင့် လှုပ်ရှားတက်ကြွမှုအကောင်းဆုံး အဖွဲ့ချုပ်ဆုကို ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် အကောင်းဆုံး အသင်းလိုက်ဆုကို မြန်မာ့လက်ရွေးစင် ရိုးရာလှေလှော် အသင်းတို့က ရရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly