ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေးအတွက် ဒေသခံဧည့်လမ်းညွန်များကို သင်တန်းပေးနေ

ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေးအတွက် ဒေသခံဧည့်လမ်းညွန်များကို သင်တန်းပေးနေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ ၃၀ ။     ။ မြိတ်ကျွန်းစုရှိ ပင်လယ်ပြင်ကျွန်းခရီးစဉ်များသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေးအတွက် အောက်တိုဘာလ ၂၉ ရက်နေ့က မြိတ်မြို့အရှေ့ဘက်ရှိ သန္တာကျွန်း အနီးတွင် ဒေသခံဧည့်လမ်းညွန်များကို Myanmar Ocean Project မှ သင်တန်းများ လာရောက် သင်ကြားပို့ချပေးနေကြောင်း သိရသည်။

အဆိုပါ ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်တန်းတွင် ဧည်သည်များ ရေကူးရာ၌ လှေပေါ်အတက်အဆင်း ပြုလုပ်နည်း၊ ရေးကူးရာတွင် ဖြစ်ပွားတတ်သော ကြွက်တက်ခြင်း၊ ရေမြှုပ်၊ ရေနစ်ဖြစ်ခြင်းနှင့် အန္တရာယ်တစ်ခုခု ဖြစ်ပွားပါက အရေးပေါ် ကယ်ဆယ်နိုင်မည့် နည်းလမ်းများကို မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများမှ ဒေသခံ ဧည့်လမ်းညွန်များကို သင်ကြားပေးခဲ့သည်ဟု သိရ သည်။

 

“ဒီနေ့လိုမျိုး ဆိုရင် အဓိက ဧည့်သည်တွေ လှေပေါ်ကိုမလာခင် ဘယ်လိုမျိုးဆောင်ရွက် ပေးရမလဲ။ ဘာ အင်ဖော်မေးရှင်းတွေ မေးရမလဲဆိုတာကအစ အရင်သိထားဖို့ လိုတယ်။ ကိုယ့်ဧည့်သည်က ရေကူးတတ်လား၊ ဧည့်သည်က ရောဂါရှိလား ဆိုတာ ကြိုမေးထားဖို့ အရေးကြီးပါတယ်။လှေပေါ်က ဆင်းရင်ဘာတွေ သတိထားရမယ် စသဖြင့် ဧည့်လမ်းညွန်တွေက ရှင်းပြပြောပြ ထားဖို့လိုပါတယ်”ဟု Myanmar Ocean Project မှ သင်တန်း ဆရာမ မသန္တာကိုကြီးက ပြောသည်။

အဆိုပါသင်တန်းကို ထားဝယ်မြို့တွင် စတင်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ယခုအခါ မြိတ်မြို့တွင် ပထမဆုံးလာရောက် သင်ကြားပေးခြင်း ဖြစ်ကြောင်း သင်တန်းသို့ ဧည့်လမ်းညွှန်သင်တန်းသား ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မြိတ်အခြေစိုက် ဧည့်လမ်းညွန်တွေမှာက လိုအပ်ချက်တွေ အများကြီး ရှိနေ ပါသေး တယ်။ အခုလို သင်တန်းများကို ငွေကြေးပေးစရာမလိုဘဲ အခမဲ့သင်ကြားခွင့်ပေးတာ အရမ်း အထောက်အကူ ပြုပါတယ်” ဟု Blue Ocean Star Travel & Tours မှ ဒေသခံ ဧည့်လမ်းညွန် တစ်ဦးဖြစ်သော ကိုတင်ကိုကိုက ပြောသည်။

မြိတ်ဒေသခရီးသွားလုပ်ငန်းမှာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ ရှိပြီး ကျွန်းခရီးစဉ်များဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆွဲဆောင်ထားသည့် ဒေသလည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required