အာရှရဲ့ ဆွေစဉ်မျိုးဆက် အချမ်းသာဆုံး မိသားစု ၂၀

အာရှရဲ့ ဆွေစဉ်မျိုးဆက် အချမ်းသာဆုံး မိသားစု ၂၀

တောင်ကိုရီးယားနိုင်ငံက Samsung ကုမ္ပဏီ၊ အိန္ဒိယကစက်မှုလုပ်ငန်းစု ကုန်သွယ်ရေးကုမ္ပဏီကြီး Reliance နဲ့ ဂျပန်နိုင်ငံကလူသုံးကုန်ပစ္စည်းထုတ်လုပ်ရာ ကမ္ဘာ့ဦးဆောင် ကုမ္ပဏီကြီး Suntory  တွေရဲ့ မိသားစုအစဉ်အဆက်တွေဟာ အာရှ‌ဒေသရဲ့ အချမ်းသာဆုံးစာရင်းမှာ ပါဝင်ကြပါတယ်။ အဲဒီစာရင်းရဲ့ ၃၀ ရာခိုင်နှုန်းကလည်း ဟောင်ကောင်နွယ်ဖွားတွေပဲဖြစ်ပါတယ်။

မူကက်အမ်ဘာနီရဲ့ ကွယ်လွန်ပြီးဖြစ်သော ဖခင်ဖြစ်သူဟာ သူ့မိသားစုစီးပွားရေးအင်ပါယာကို ဒေါ်လာ ၁၀၀ အရင်းပြုပြီး စတင်ခဲ့သူပါ။ သူဟာ ဆင်းရဲတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မသိဘူးလို့ သားဖြစ်သူကို ပြောလေ့ပြောထရှိပါတယ်။ သူတည်ထောင်ခဲ့တဲ့ စီးပွားရေးအင်ပါယာဟာ အိန္ဒိယက Relianceကုမ္ပဏီကြီးပဲဖြစ်ပါတယ်။

သားဖြစ်သူအမ်ဘာနီအဖို့တော့ မရှိစကားမကြားဘူးသူလို့တောင် ဆိုစရာပါ။

ကမ္ဘာတန်ဖိုးအကြီးဆုံး လူနေထိုင်ရာအိမ်ကြီးတွေ စာရင်းမှ ာပါဝင်တဲ့မွမ်ဘိုင်းက အထပ်မြင့်အိမ်ကြီးရခိုင်မှာ နေထိုင်ပြီး အာရှအချမ်းသာဆုံးမိသားစုအဖြစ် ဓနစည်းစိမ် အမေရိကန်ဒေါ်လာဘီလီယံ ၅၀ ပိုင်ဆိုင်ကြွယ်၀တာ ဖြစ်ပါတယ်။

ယနေ့ခေတ်ရဲ့ အာရှအချမ်းသာဆုံးမိသားစု ၂၀ ရဲ့ ပိုင်ဆိုင်ကြွယ်၀ကို အချိုးချ ပေါင်းကြည့်ရင် အမေရိကန်ဒေါ်လာဘီလီယံ ၄၅၀ ရှိပါတယ်။

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုမောင်းနှင်အားဟာ တစ်ချို့သော သူတွေကို လူချမ်းသာကြီးတွေအဖြစ် သွန်းလုပ်ပေးနေတော့တာပါ။ အံ့ဩစရာမဟုတ်တာကတော့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ ဆင်းရဲချမ်းသာပိုပြီး ကွာဟမှုကိုပါ ဒေသအချို့ဆီဆောင်ကြည်းလာခဲ့တာပါပဲ။ အာရှရဲ့ အချမ်းသာဆုံးမိသားစု ၂၀ စာရင်းမှာ အများဆုံးပါဝင်တာအဖြစ် မိသားစုခြောက်စုပါဝင်တဲ့ ဟောင်ကောင်ဟာ ဆင်းရဲချမ်းသာကွာဟချက် အကြီးဆုံးထဲကဒေသတစ်ခုဖြစ်နေပါတယ်။

Bloomberg က စစ်တမ်းထုတ်ပြန်တဲ့ အာရှအချမ်းသာဆုံးမိသားစုစာရင်းမှာ အလီဘာဘာအုပ်စုဦးပိုင်လီမီတက်က ဂျက်မာလိုဆွေစဉ်မျိုးဆက် ချမ်းသာခဲ့တာမဟုတ်ဘဲ ပထမမျိုးဆက်မှ ချမ်းသာလာသူတွေကို ထည့်သွင်းထားခြင်း မရှိပါ။ ဆွေစဉ်မျိုးဆက် သူဌေးသူကြွယ် မိသားစုစာရင်းကိုပဲ စစ်တမ်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီအတွက် တရုတ်ပြည်မကြီးက မိသားစုတွေ ဒီစာရင်းမှာ မပါဝင်ခဲ့ပါ။ အဲဒီလိုမပါဝင်ဘူးဆိုပေမယ့်လည်း အာရှရဲ့ အချမ်းသာဆုံးမိသားစုတော်တော်များများဟာ တရုတ်မျိုးနွယ်တွေပဲဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံက ချားရာဗန်နောင့်ကနေ အင်ဒိုနီးရှားက ဟာတိုနို့အထိ တရုတ်လူမျိုးတွေပဲဖြစ်ပါတယ်။

နောက်ထပ် အချက်တစ်ရပ်အနေနဲ့ အာရှအချမ်းသာဆုံးမိသားစုအများစုကို အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ လက်ဝယ်ရှိငွေကြေးဓနအရ ထည့်သွင်းတွက်ချက်တာလည်းဖြစ်ပါတယ်။ အာရှသူဌေးကြီးတွေဟာ ‘အကြွေးကင်းသူဟာလူချမ်းသာ’ဆိုတဲ့ စကားပုံကိုလည်း ပုံဆောင်ပြနေသူတွေဖြစ်ပါတယ်။ အများစုဟာ ကြွေးမြီချေးယူရမှာကို တော်တော်များများ ရှောင်ကြဉ်ကြတာဖြစ်ပါတယ်။

အာရှရဲ့ မိသားစုမျိုးဆက်တွေဟာ နောက်မျိုးဆက်ကို အမွေလွဲပြောင်းပေးဖို့ ပြင်ဆင်နေချိန်မှာပဲ ဒေသမှာ စိုးရိမ်စရာဖြစ်လာတဲ့ ဝင်ငွေမညီမျှမှုက အနောက်တိုင်းထက် ပိုပြီးထင်ထင်သာသာဖြစ်နေပါတယ်။ အခွန်ဆိုင်ရာကလည်း အာရှအတွက် ထောက်ပြစရာအဖြစ် ရှိနေပါတယ်။ ဟောင်ကောင်၊ အိန္ဒိယနဲ့ စင်ကာပူတို့ဟာ မကြာသေးခင်နှစ်တွေမှာ ချမ်းသာကြွယ်၀မှု ဒါမှမဟုတ် အမွေဆက်ခံမှုဆိုင်ရာ အခွန်အကောက် အာလုံးကို ဖျက်သိမ်းခဲ့ပါတယ်။ လူချမ်းသာအခွန်နဲ့ ပတ်သက်ပြီး အာရှရဲ့ ဆွေးနွေးပြောဆိုမှုချိုတဲ့တာဟာ ထူးဆန်းတဲ့ ထိခိုက်နစ်နာစေမှုပဲလို့ ပညာရှင်တစ်ချို့က ထောက်ပြထားပါတယ်။

အာရှရဲ့ အချမ်းသာဆုံးမိသားစု ၂၀ စာရင်းကို ဖော်ပြရရင် -

၁။ Ambani၊ Reliance Industries ကုမ္ပဏီ၊ အိန္ဒိယ၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အားအမေရိကန်ဒေါ်လာ ၅၀ ဒသမ ၄ ဘီလီယံ။

Mukeshနဲ့ Anil တို့ရဲ့ ဖခင် DhirubhaiAmbaniက Reliance Industries ကုမ္ပဏီကို ၁၉၅၇ ခုနှစ်မှာစတင် တည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာ မူကက်ရှ်ဟာ ကမာ္ဘ့အကြီးဆုံးရေနံချက်လုပ်ငန်းကို ပိုင်ဆိုင်တဲ့ မွမ်ဘိုင်းအခြေစိုက် Reliance ကုမ္ပဏီကို ဦးဆောင်လျက် ရှိနေပါတယ်။

Ambani မိသားစုအိမ်ဟာ မွမ်ဘိုင်းမှာရှိပြီး အထပ် ၂၇ ထပ်ပါ မိုးမျှော်အိမ်ကြီးပဲဖြစ်ပါတယ်။

၂။ Kwok၊ Sun Hung Kai Properties အိမ်ခြံမြေကုမ္ပဏီ၊ ဟောင်ကောင်၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အားအမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ။

Kwok Tak-sengဟာ Sun Hung Kai ကုမ္ပဏီကို ၁၉၇၂ ခုနှစ်မှာစတင်မှတ်ပုံတင် တည်ထောင်ခဲ့ချိန်ကစလို့ ဟောင်ကောင်မှာ အကြီးဆုံးအိမ်ခြံမြေကုမ္ပဏီဖြစ်လာပါတယ်။ ၁၉၉၀ မှာ ၎င်းကွယ်လွန်ပြီးနောက် သားတွေဖြစ်တဲ့ Walter၊ Thomas နဲ့ Raymond တို့က ကုမ္ပဏီကိုဦးဆောင်ခဲ့ပါတယ်။

Walter ဟာ ၁၉၉၇ ခုနှစ်အတွင်းက ပြန်ပေးဆွဲခံရပြီး အမေရိကန်ဒေါ်လာသန်း ၈၀ နီးပါး ပြန်ပေးငွေပေးလို့ တစ်ပတ်လောက်အကြာမှာ ပြန်လွတ်ခဲ့ပါတယ်။

၃။ Chearavanont၊ CP Group (Charoen Pokphand Group)၊ထိုင်း၊ သူဌေးမျိုးဆက် လေးဆက်၊ ဓနအင်အားအမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉ ဘီလီယံ။

Chia EkChor ဟာ တရုတ်တောင်ပိုင်း တိုင်ဖုန်မုန်တိုင်းဒဏ်သင့် သူ့ရွာကနေ ပြောင်းရွှေ့ခဲ့ပြီး ထိုင်းနိုင်ငံမှာ အစ်ကိုဖြစ်သူနဲ့အတူ ၁၉၂၁ ခုနှစ်ကနေစတင်လို့ သစ်သီးဝလံတွေရောင်းရင်းဘဝသစ် စခဲ့သူပါ။ ရာစုနှစ်နီးပါးအကြာမှာ Chia ရဲ့သားဖြစ်သူဟာ အစားအစာ၊ လက်လီ‌ဈေးကွက်နဲ့ တယ်လီကွန် လုပ်ငန်းတွေ ဝန်ဆောင်လုပ်ကိုင်တဲ့ Charoen Pokphand Group ရဲ့ ဥက္ကဌကြီးဖြစ်လာခဲ့ပါတယ်။

CP Group ဟာ ထိုင်းနိုင်ငံမှာ တရုတ်ရင်းနှီးမြုပ်နှံမှုအတွက် အဓိကရေသွယ်မြောင်းသဖွယ် ဖြစ်ပါတယ်။

၄။ Hartono၊ Djarum, Bank Central Asia၊ အင်ဒိုနီးရှား၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အားအမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ။

OeiWieGwan ဟာ ၁၉၅၀ မှာ စီးကရက်အမှတ်တံဆိပ်တစ်မျိုးကို ဝယ်ယူပြီ းDjarum နာမည်နဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ရာမှာ အောင်မြင်ပြီးအင်ဒိုနီးရှားရဲ့ အကြီးဆုံးစီးကရက်အရောင်းကုမ္ပဏီဖြစ်လာပါတယ်။ ၁၉၆၃ မှာသူကွယ်လွန်တဲ့အခါ သားတွေဖြစ်တြတဲ့ Michael နဲ့ Budi တို့ဟာ Bank Central Asia မှာ ရင်းနှီးမြုပ်နှံပြီး လုပ်ငန်းချဲ့ခဲ့ပါတယ်။

၅။ Lee၊ Samsung၊ တောင်ကိုရီးယား၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အားအမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ ဘီလီယံ။

Lee Byung-chull ဟာ ၁၉၃၈ မှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါးတင်ပို့တဲ့ ကုန်သွယ်ရေးကုမ္ပဏီအဖြစ်နဲ့ Samsung ကို စတင်ခဲ့တာပါ။ ၁၉၆၉ မှာ Samsung Electronics ကို စတင်တည်ထောင်ပြီး ကမာ္ဘ့အကြီးဆုံး memory chips နဲ့ စမတ်ဖုန်းအရောင်းကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ၁၉၈၇ မှာ သူ့ကွယ်လွန်တဲ့အခါ တတိယမြောက် သားဖြစ်သူ Lee Kun-hee က လုပ်ငန်းကို လက်လွှဲရယူခဲ့ပါတယ်။

Lee Kun-hee ဟာ အခွန်ရှောင်တိမ်းမှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိပေမယ့် ၂၀၀၉ မှာ လွတ်ငြိမ်းခွင့် ပြုခံရပါတယ်။

၆။ Yoovidhya၊ TCP Group၊ ထိုင်း၊ သူဌေးမျိုးဆက် နှစ်ဆက်၊ ဓနအင်အား ၂၄ ဒသမ ၅ ဘီလီယံ။

ဆေးဝါးအရောင်းကုမ္ပဏီအဖြစ် T.C. Pharmaceutical ကို Chaleo Yoovidhya ဟာ ၁၉၅၆ ခုနှစ်မှာ ကနဦးတည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူသုံးကုန်စည်တွေ ပြောင်းလဲထုတ်လုပ်ပြီး ၁၉၇၅ မှာ KratingDaeng (red bull) အားဖြည့်အချိုရည်ကို ထုတ်လုပ်ခဲ့တာပါ။ ဩစတြေးလျ ဈေးကွက်သမား Dietrich Mateschitz က အလုပ်ခရီးတစ်ခုမှာ red bull ကို တွေ့ပြီးနောက် ကမာ္ဘ့အနှံ့ ဈေးကွက်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ မှာ Red Bull ဘူးပေါင်း ၆ ဒသမ ၈ သန်းရောင်းချခဲ့ရပါတယ်။

၇။ Mistry၊ Shapoorji Pallonji Group၊ အိန္ဒိယ၊ သူဌေးမျိုးဆက် ငါးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၁ ဘီလီယံ။

Mistry မိသားစုစီးပွားရေးဟာ Pallonji Mistry ရဲ ဘိုးအေဖြစ်သူ အင်္ဂလိပ်တစ်ဦးနဲ႔ ဆောက်လုပ်ရေးလုပ်ငန်း ပေါင်းလုပ်တာနဲ့ စတင်ပြီး အိန္ဒိယမှာ ၁၈၆၅ ခုနှစ်မှာ စီးပွားရေးအင်ပါယာကို စတင်တည်ထောင်တာပါ။

Shapoorji Pallonji Group ဟာ အင်ဂျင်နီးယားရင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် စီးပွားရေးနယ်ပယ်တော်တော်များများမှာ လုပ်ငန်းတွေ ဆောင်ရွက်နေပြီး နိုင်ငံပေါင်း ၁၀၀ ကျော်ထက်မနည်းမှာ စီးပွားရေးလည်ပတ်နေတာ ဖြစ်ပါတယ်။

Mistry ရဲ့ ဘိုးဘွားတွေဟာ မာဇဒါဘာသာဝင်တွေ ဖြစ်ပြီး ပါရှားမှာ ဖိနှိပ်ချုပ်ချယ်မှုတွေကနေ အိန္ဒိယနိုင်ငံဆီ ရှောင်ပြေးလာကြတာ ဖြစ်ပါတယ်။

၈။ SY၊ SM Investments၊ ဖိလစ်ပိုင်၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ။

တရုတ်မှာ မွေးဖွားတဲ့ Henry Sy ဟာ အသက် ၁၂ နှစ်မှာ ဖိလစ်ပိုင်ဆီ ရွှေ့ပြောင်းရောက်လာတာပါ။ ဆန်၊ ငါးသေတ္တာနဲ့ ဆပ်ပြာ ရောင်းတာမှာ ဖခင်ဖြစ်သူကို ကူညီပြီး Sy ဟာ ၁၉၅၈ မှာ ပထမဆုံး ဖိနပ်ဆိုင်ဖွင့်ခဲ့ပါတယ်။ မနီလာမြို့ထဲက ဆိုင်ငယ်လေးကနေ လုပ်ငန်းစုကော်ပိုရေးရှင်းတစ်ခုအဖြစ်ထိ ကြီးထွားလာခဲ့ပြီး ဌာနစတိုး ၆၃ ခုနဲ့ စူပါမားကတ် ၅၆ ခုထိ ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

Sy ပိုင် Mall of Asia ရှော့ပင်းမောလ်မှာဆိုရင် အိုလံပစ်ကစားကွင်းအရွယ် စကိတ်စီးကွင်းတောင် ပါရှိတာ ဖြစ်ပါတယ်။

၉။ Chirathivat၊ Central Group၊ ထိုင်း၊ သူဌေးမျိုးဆက် လေးဆက်၊ ဓနအင်အား ၂၀ ဒသမ ၃ ဘီလီယံ။

Chirathivats မိသားစုဟာ လက်ရှိမှာ Tos Chirathivat ဦးဆောင်နေတဲ့ Central Group ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဘိုးအဘွားတွေဟာ တရုတ်ကနေ ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းလာကြသူတွေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဘန်ကောက်မှာ မိသားစုဆိုင်ငယ်လေးကနေ အစပြုခဲ့တဲ့ လုပ်ငန်းဟာ ခုဆိုရင် ရုံးခွဲပေါင်း ၅၀ ကျော်နဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်နေပါပြီ။

Central Group ဟာ China’s JD.com နဲ့ e-commerce ကို ပစ်မှတ်ထားပြီး အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။

၁၀။ Kadoorie၊ CLP Holdings၊ ဟောင်ကောင်၊ သူဌေးမျိုးဆက် လေးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံ။

၁၈၈၀ ခုနှစ်တွေမှာ Elly Kadoorie နဲ့ သူ့အစ်ကိုကြီး Ellis တို့ဟာ ဟောင်ကောင်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘဂ္ဂဒက် အရေးပါတဲ့ Sassoons ဂျူးမိသားစုအတွက် အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိခဲ့တာပါ။ နောက်ပိုင်းမှာ ညီအစ်ကိုနှစ်ဦးဟာ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ပြီး ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေနဲ့ လျှပ်စစ်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ စုဆောင်းခဲ့ပါတယ်။ လျှပ်စစ်ဖြန့်ဖြူးရေး CLP ဦးပိုင်လုပ်ငန်းစုအပါအဝင် ဟိုတယ်လုပ်ငန်းတွေမှာ အကြီးစား ရင်းနှီးမြုပ်နှံလာတော့တာ ဖြစ်ပါတယ်။ လက်ရှိမှာ Elly ရဲ့ မြေး Michael က ဥက္ကအဖြစ် မိသားစုစီးပွားရေးကို ဦးဆောင်နေပါတယ်။

ဒုတိယကမ္ဘာ့စစ်အပြီးမှာ ဟောင်ကောင်က Peninsula ဟိုတယ်က ကပွဲခန်းမမှာ ဂျုးဒုက္ခသည်တွေကို နေရာပေး ထားရှိခဲ့ပါတယ်။

၁၁။ Kwek/Quek၊ Hong Leong Group၊ စင်ကာပူ/မလေးရှား၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ။

Kwek Hong Png ဟာ ညီအစ်ကိုသုံးယောက်နဲ့အတူ ၁၉၄၁ ခုနှစ်မှာ စင်ကာပူမှာ Hong Leong Company ကို တည်ထောင်ခဲ့ပါတယ်။ အိမ်ခြံမြေကနေ ဘဏ္ဍာရေးလုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး မလေးရှားမှာပါ မိသားစုစီးပွားရေးကို ချဲ့ထွင်ခဲ့ပါတယ်။

Quek Leng Chan ဟာ လန်ဒန်က Middle Temple မှာ ဝတ်လုံတော်ရရှေ့နေအဖြစ် သင်တန်းတက်ခဲ့ပါတယ်။

၁၂။ Cheng၊ Chow Tai Fook၊ ဟောင်ကောင်၊ သူဌေးမျိုးဆက် လေးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂ ဘီလီယံ။

Cheng မိသားစုဟာ ကျောက်မျက်လုပ်ငန်း Chow Tai Fook Jewellery ကို ပိုင်ဆိုင်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဟောင်ကောင်အခြေစိုက် သူတို့ရဲ့ လုပ်ငန်းဟာ ၂၀၁၉ မတ်လကုန်မှာ တစ်နှစ်တာ ရောင်းချနိုင်မှုဟာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံဖိုး ရှိခဲ့ပါတယ်။

Henry Cheng နဲ့ သူ့စီးပွားဖက်တစ်ဦးတို့ကို ၂၀၀၅ ခုနှစ်မှာ ဒေါ်နယ်ထရမ့်က အမေရိကန်ဒေါ်လာ တစ်ဘီလီယံအတွက် တရားစွဲခဲ့ဖူးပါတယ်။

၁၃။ Ng၊ Far East Organization၊ စင်ကာပူ၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အား ၁၇ ဒသမ ၂ ဘီလီယံ။

၁၉၃၄ မှာ Ng Teng Fong ဟာ တရုတ်ကနေ စင်ကာပူကို ရွှေ့ပြောင်းလာခဲ့ပြီး မိဘတွေရဲ့ ပဲပုပ်လုပ်ငန်းရယ်၊ စက်ဘီးပြင်သမားတစ်ဦးရယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ မိသားစုလုပ်ငန်းကို ဆက်လက်မလုပ်ဘဲ အိမ်ခြံမြေလုပ်ငန်းမှာ စွန့်စားလုပ်ကိုင်ပြီး ၁၉၆၀ မှာ Far East Organization ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။

Ng Teng Fong ဟာ Lucky Ng လို့ နာမည်ပြောင်ရှိထားပြီး တစ်နေ့မှာ ၁၈ နာရီ အလုပ်လုပ်ကိုင်သူပါ။

၁၄။ Pao၊ BW Group, Wheelock၊ ဟောင်ကောင်၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အား ၁၆ ဒသမ ၇ ဘီလီယံ။

လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်မှာ Yue-Kong Pao ဟာ ဟောင်ကောင်ဒေါ်လာ နှစ်သောင်းနဲ့ ရှန်ဟိုင်းကနေ ဟောင်ကောင်ဆီ ပြေးဆွဲတဲ့ သင်္ဘောလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ သူ့လုပ်ငန်းမှာ သင်္ဘောပေါင်း ၂၀၀ ကျော်အထိ ရှိလာပြီး ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော သင်္ဘောပြေးဆွဲမှု လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။

Yue-Kong Pao ဟာ Li Ka-shing ထံကနေ Hongkong and Kowloon Wharf and Godown Co. မှ ရှယ်ယာ ဆယ်ရာခိုင်နှုန်း ဝယ်ယူပြီး အိမ်ခြံမြေလုပ်ငန်းပါ လုပ်ကိုင်ခဲ့ပါတယ်။

၁၅။ Tsai၊ Cathay Financial, Fubon Financial၊ ထိုင်ဝမ်၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အား ၁၆ ဒသမ ၂ ဘီလီယံ။

Tsai ညီအစ်ကိုတွေဟာ ၁၉၆၂ ခုနှစ်မှာ Cathay Life Insurance အသက်အာမခံလုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။ ၁၉၇၉ မှာတော့ မိသားစုဟာ လုပ်ငန်းခွဲလုပ်ဖို့ ဆုံးဖြတ်ပြီး Cathay Insurance ကို Tsai Wan-tsai က ဦးဆောင်ကာ Fubon Insurance လို့ အမည်ပြောင်းလဲခဲ့ပါတယ်။

၁၆။ Hinduja၊ Hinduja Group၊ အိန္ဒိယ၊ သူဌေးမျိုးဆက် လေးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ။

ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကို Parmanand Hinduja ဟာ မွမ်ဘိုင်းဆီ လာရောက်ပြီး ၁၉၁၄ မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ငါးနှစ်အကြာမှာ အီရန်မှာပါ ရုံးတစ်ရုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၉၇၉ မှာ Parmanand ကွယ်လွန်ချိန်အထိ အီရန်မှာ ရုံးချုပ်ဖွင့်ထားခဲ့တာပါ။ အစ္စလာမ္မစ်တော်လှန်ရေးပေါ်ပေါက်လာတော့ ဥရောပဆီ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

၁၇။ Ho၊ SJM၊ ဟောင်ကောင်၊ သူဌေးမျိုးဆက် နှစ်ဆက်၊ ဓနအင်အား ၁၄ ဒသမ ၉ ဘီလီယံ။

Stanley Ho နဲ့ စီးပွားဖက်တွေဟာ မကာအိုမှာ ကာစီနိုလုပ်ကိုင်ခွင့် လိုင်စင်ကို ပထမဆုံး ရရှိခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ မြို့ရဲ့ ပထမဆုံး ကာစီနိုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Ho မိသားစုဟာ ကာစီနိုနဲ့ ဟိုတယ်တွေ ပိုင်တဲ့ SJM ဦးပိုင်လုပ်ငန်းကို လည်ပတ်နေတာ ဖြစ်ပါတယ်။

Stanley Ho ဟာ သူမှာ မိန်းမလေးယောက်ရှိပြီး ကလေး ၁၇ ဦး ရှိတယ်လို့ ဝန်ခံထားပါတယ်။

၁၈။ Torii/Saji၊ Suntory၊ ဂျပန်၊ သူဌေးမျိုးဆက် လေးဆက်၊ ဓနအင်အား ၁၄ ဒသမ ၈ ဘီလီယံ။

Suntory လုပ်ငန်းကို တည်ထောင်တဲ့ Shinjiro Torii ဟာ ၁၈၉၉ မှာ ဝိုင်နဲ့ အနောက်တိုင်းအရက် ရောင်းချတဲ့ သူ့ရဲ့ ပထမဆုံးဆိုင်ကို ၁၈၉၉ မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၆၁ မှာ သားဖြစ်သူ Keizo Saji က ဥက္ကဌရာထူးယူပြီး အရက်သေစာ၊ အဖျော်ယမကာကနေ ကျန်းမာရေးအစားအစာတွေအထိ ထုတ်လုပ်ရောင်းချရာ လုပ်ငန်းစုကြီးအဖြစ် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

အမှန်တော့ Keizo Saji ဟာ Shinjiro Torii ရဲ့ မွေးစားသားပဲ ဖြစ်ပါတယ်။

၁၉။ Lee၊ Lee Kum Kee၊ ဟောင်ကောင်၊ သူဌေးမျိုးဆက် ငါးဆက်၊ ဓနအင်အား ၁၄ ဒသမ ၇ ဘီလီယံ။

Lee Kum Sheung ဟာ ခရုဆီကို တီထွင်ထုတ်လုပ်ပြီး ၁၈၈၈ မှာ Lee Kum Kee ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ တတိယမျိုးဆက် Lee Man Tat ဟာ ဦးလေး၊ ညီအစ်ကိုတွေနဲ့ အင်အားနဲ့ ကုမ္ပဏီကို ဆက်လက်ဦးဆောင်နေပါတယ်။

Lee Kum Sheung ဟာ စွပ်ပြုတ်ချက်ရာမှာ အကျက်လွန်သွားခဲ့ရာကနေ ခရုဆီကို အမှတ်တမဲ့ တွေ့ရှိတီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀။ Chung၊ Hyundai၊ ကိုရီးယား၊ သူဌေးမျိုးဆက် သုံးဆက်၊ ဓနအင်အား အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံ။

လယ်သူရင်းငှားတစ်ဦးရဲ့ သားဖြစ်တဲ့ Chung Ju-yung ဟာ အင်ဂျင်နီယားရင်းနဲ့ ဆောက်လုပ်ရေးကုမ္ပဏီအဖြစ် ၁၉၄၆ မှာ Hyundai ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ မော်တော်ကားကနေ သင်္ဘောအထိ ထုတ်လုပ်ရာ လုပ်ငန်းစုကြီးအဖြစ် ကြီးထွားလာခဲ့ပါတယ်။ ၂၀၀၁ မှာ ၎င်း ကွယ်လွန်တော့ ကျန်ရစ် သားခြောက်ဦးမှာ နှစ်ဦးက ဦးဆောင်တဲ့ ကုမ္ပဏီကို လက်ဝယ်ထိန်းချုပ်နိုင်ရေး ယှဉ်ပြိုင်မှုကြောင့် လုပ်ငန်းကွဲသွားပြီး ဒုတိယသား Mong-koo ထိန်းချုပ်တဲ့ Hyundai Motor ဟာ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီစာရင်းမှာ တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေပါတယ်။

Chung Ju-yung ဟာ ၁၉၉၈ ခုနှစ်မှာ နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယားဖက်ဆီ နွားနဲ့ သိုးကောင်ရေ ငါးရာကို မောင်းသွင်းပေးခဲ့ပါတယ်။

ယခု အာရှအချမ်းသားဆုံး မိသားစုတွေရဲ့ ဓနအင်အားစာရင်းဟာ ၂၀၁၉ ဇူလိုင်လအထိ စစ်တမ်းကောက်ယူမှုအရ ပိုင်ဆိုင်ကြွယ်ဝမှု နှုန်းထားပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly