ONE: Dawn of Valor ပြိုင်ပွဲကြီးတွင် လက်စွမ်းပြ အနိုင်ယူခဲ့သည့် ကစားသမား ၅ ဦး

ONE: Dawn of Valor ပြိုင်ပွဲကြီးတွင် လက်စွမ်းပြ အနိုင်ယူခဲ့သည့် ကစားသမား ၅ ဦး

ONE Championship ၏ ၁ဝ၁ ပွဲမြောက် ပြိုင်ပွဲကြီး ဖြစ်သော ONE: Dawn of Valor ပြိုင်ပွဲကြီးကို ပြီးခဲ့သည် အောက်တိုဘာ ၂၅ ရက်က အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာ မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ နှစ်ပွဲအပါအဝင် စုစုပေါင်း တွဲဆိုင်း ၁၄ တွဲ ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါပွဲတွင် အနိုင်ရရှိသူ စုစုပေါင်း ၁၄ ဦး ထွက်ပေါ်ခဲ့သည်။ ၎င်းတို့ထဲမှ အကောင်းဆုံး လက်စွမ်းပြကာ အနိုင်ယူ ခဲ့သည့် ကစားသမား ၅ ဦးကို ရွေးချယ်ဖော်ပြ လိုက်ရပါသည်။

(၁) ချန်ပီယံသစ် ဖြစ်လာသည့် Abbasov

ပြိုင်ပွဲ၏ အဓိကခေါင်ပွဲဖြစ်သည့် ONE Championship ၏ ဝယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Zebaztian “The Bandit” Kadestam နှင့် စိန်ခေါ်သူ ကာဂျစ်စတန် နိုင်ငံသား Kiamrian “Brazen” Abbasov တို့ပွဲတွင် ချန်ပီယံကို အနိုင်ယူကာ ခါးပတ်သိမ်းပိုက် နိုင်ခဲ့သည့် Abbasov သည် အကောင်းဆုံး အနိုင်ရသူတစ်ဦး ဖြစ်သည်။ ယင်းပွဲတွင် မတ်တပ်ရပ် တိုက်ခိုက်မှု အားသန်သူ Kadestam ကို Abbasov က တစ်ပွဲလုံး မြေပြင်ချုပ်ကွက် အမျိုးမျိုးဖြင့် ထိန်းချုပ် ကစားခဲ့သလို ရံဖန်ရံခါ မတ်တပ်ရပ် တိုက်ခိုက်မှုချင်း ယှဉ်ရာတွင် လည်း မနိမ့်သူ ဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

Abbasov သည် ပြိုင်ဘက်ကို ပထမအချီကတည်းက မြေပြင်ပေါ် ဆွဲလှဲချပြီး အပိုင်ချုပ်ကိုင် အနိုင်ယူရန် ကြိုးစားခဲ့သော်လည်း ပွဲသိမ်း ခေါင်းလောင်း၏ ကယ်တင်မှုကြောင့် မြန်မြန်ဆန်ဆန် ပွဲမပြတ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချမှ စတင်ကာ Kadestam သည် Abbasov ကို အနားကပ်မခံတော့ဘဲ ခြေကန်ချက်များဖြင့် တားဆီးရန် ကြိုးစားခဲ့သည့်တိုင် ချက်ကောင်းကို စောင့်၍ ဝင်ဝင်လုံး တတ်သည့် Abbasov ၏ ကျွမ်းကျင်မှုကြောင့် မအောင်မမြင် ဖြစ်ခဲ့ရသည်။ မွေထိုင်း သမားဟောင်း Kadestam သည် တံတောင် ရိုက်ချက် များမှ လွဲ၍ ပြိုင်ဘက်ကို အထိနာအောင် ခြိမ်းခြောက်နိုင်သည့် တိုက်ကွက် မရှိခဲ့ဘဲ Abbasov ၏ ချုပ်ကွက် အမျိုးမျိုး အောက်တွင် ခံစစ် သက်သက် ကစားခဲ့ရသည်။ ရံဖန်ရံခါ အသည်းအသန် အလွတ်ရုန်း ပြေးရသည့် အခိုက်အတန့် များပင် ရှိခဲ့သဖြင့် ငါးချီစလုံး အပြီးတွင် အမှတ်ဖြင့် ရှုံးနိမ့်ကာ ၎င်း ချန်ပီယံ ခါးပတ်ကို လွှဲပြောင်းပေး ခဲ့ရသည်။

(၂) ချန်ပီယံလက်စွမ်း ထိန်းထားနိုင်သည့် Eersel

ကမ္ဘာ့ ချန်ပီယံ စိန်ခေါ်ပွဲ ၂ ပွဲအနက် ပထမပွဲ ဖြစ်သည့် ONE Championship Kickboxing လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Regian “The Immortal” Eersel နှင့် စိန်ခေါ်သူ Nieky “The Natural” Holzken တို့၏ပွဲတွင် အနိုင်ရပြီး ချန်ပီယံ ကာကွယ်နိုင် ခဲ့သည့် Eersel သည်လည်း အကောင်းဆုံး အနိုင်ရသူဟု သတ်မှတ်နိုင်သူ တစ်ဦးဖြစ်သည်။ နယ်သာလန်သား နှစ်ဦး တွေ့ဆုံသည့် အဆိုပါ ပွဲတွင် Eersel သည် တစ်ပွဲလုံး အကောင်းဆုံး လက်စွမ်းပြကာ ထိမိသော ထိုးချက်၊ ကန်ချက်များဖြင့် စိန်ခေါ်သူ Holzken ကို ဖိအားပေး ခဲ့သည်။ အကောင်းဆုံး ပြင်ဆင်ပြီး ပြန်လည် စိန်ခေါ်ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည့် Holzken အတွက်တော့ စိတ်ပျက်စရာ ရလဒ် ဖြစ်ခဲ့ရသည်။

Holzken သည် ငါးချီစလုံးတွင် မတူညီသည့် နည်းစနစ် အမျိုးမျိုး အသုံးပြုကာ ရင်ဆိုင်ခဲ့သော်လည်း Eersel က ၎င်းတို့ကို ချေဖျက် နိုင်မည့် တန်ပြန် နည်းစနစ်ကို အမြန်ဆုံး ရှာဖွေ တွေ့ရှိသွားတတ် သဖြင့် အချည်းနှီး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ Eersel သည် ယခုပွဲတွင် ပထမ ပွဲကထက်ပင် ပိုမို ပေါ်လွင်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဒူးပျံများ၊ တစ်ပတ်လည် ခုန်ကန်သည့် တိုက်ကွက်များက Holzken ကို ဆက်တိုက် ခြိမ်းခြောက် နိုင်ခဲ့သည်။ Holzken ကလည်း နောက်ဆုံး အချိန်ထိ မနားတမ်း တိုက်စစ်ဆင် ခံနေရသည့်တိုင် ကြံ့ကြံ့ခံ ခုခံကာကွယ်ခဲ့ပြီး တစ်ချက်တစ်ချက်တွင် ပြိုင်ဘက်ကို ပွဲသိမ်း စေနိုင်လောက်သည့် တန်ပြန် တိုက်စစ်များ အသုံးပြု ခဲ့သည်။ သို့သော်လည်း ငါးချီပြည့်သည် အထိ အရှုံးအနိုင် မပေါ်သဖြင့် အမှတ်ဖြင့် ဆုံးဖြတ်ရာ Eersel က အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၃) ပထမအချီနှင့် လက်စွမ်းပြ အနိုင်ယူသည့် Wang

တရုတ် ကစားသမား “Golden Boy” Wang Junguang ၏ ကြိုးဝိုင်းအတွင်း လက်စွမ်းကလည်း အကောင်းဆုံး အနိုင်ရသူ တစ်ဦး အဖြစ် ထိုက်တန်သည့် အနေအထား ရှိခဲ့သည်။ Super Series Kickboxing ပွဲတစ်ပွဲ ဖြစ်သော အဆိုပါ တွဲဆိုင်းတွင် Wang သည် ဝါရင့် အာဂျင်တီးနား ကစားသမားကြီး “The Little Big Man” Federico Roma ကို ပထအချီ အတွင်းတွင်ပင် အလဲထိုး/ဒိုင်ပွဲရပ် ရလဒ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တမ်း ယင်းပွဲအစတွင် ခြိမ်းခြောက်မှုများ အများဆုံး ပြုလုပ်နိုင်ခဲ့သူမှာ Roma ဖြစ်သော်လည်း Wang က ၎င်း၏ ရစ်သမ်ကို ပြန်လည် ရရှိသွားချိန်တွင် ပွဲကို စိုးမိုးနိုင်ခဲ့သည်။

Roma သည် ပြိုင်ဘက်ကို ၎င်း၏ အတွေ့အကြုံများဖြင့် အသာစီး ရယူရန် ဟိတ်ဟန်သုံးကာ ကစားခဲ့သော်လည်း Wang က ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည့် ပုံစံဖြင့် မာမာထန်ထန် ပြန်လည် ရင်ဆိုင်ခဲ့သောကြောင့် အခက်တွေ့ ခဲ့ရခြင်း ဖြစ်သည်။ အသက် ၁ဝ နှစ် ကွာသော ကစားသမား နှစ်ဦးသည် ၎င်းတို့၏ အကောင်းဆုံး ပုံစံများကို ထုတ်ပြရန် ကြိုးစားခဲ့ပြီး Roma ၏ တိုက်ခိုက်မှု များက အချည်းနှီး ဖြစ်ခဲ့သော်လည်း Wang က ထိရောက်သော လက်သီးချက်၊ ခြေကန်ချက်များ ထုတ်ပြနိုင်ခဲ့သည်။ တစ်ပွဲလုံး စိတ်ရှည်ရှည်ဖြင့် တိုက်စစ် ကစားရင်း ပြိုင်ဘက်ကို နှစ်ကြိမ်တိုင်တိုင် အမှတ်စဉ် ရေတွက်စေခဲ့သူ Wang သည် ပွဲပြီးရန် တစ်မိနစ်ခန့် အလိုတွင် ပြိုင်ဘက်ကို ခေါင်းမဖော် နိုင်သည်အထိ ဆက်တိုက် ထိုးကြိတ်ပြီး ဒိုင်ပွဲရပ် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

(၄) လက်သီးမုန်တိုင်း ဆင်ခဲ့သည့် Abelardo

ဘင်တန်ဝိတ်တန်း တွဲဆိုင်းတစ်တွဲ ဖြစ်သည့် Mark “Tyson” Fairtex Abelardo နှင့် Ayideng “A.J.” Jumayi တို့၏ပွဲတွင် Abelardo က ၎င်း၏ရှိသမျှ အစွမ်း အကုန်သုံးကာ ပြိုင်ဘက်ကို အနိုင်ယူခဲ့ သည်ကို တွေ့ရသည်။ နယူးဇီလန်သား Abelardo သည် ယင်းပွဲတွင် လက်သီးချက်များ မုန်တိုင်း တိုက်သကဲ့သို့ တရစပ် ထိုးနှက်ခဲ့သော်လည်း Jumayi ၏ ခံနိုင်ရည် ရှိမှုက အံ့သြစရာ ဖြစ်ခဲ့ရသည်။ ပထမအချီ ကတည်းက ဝုန်းဒိုင်းကြဲ တိုက်ခိုက်လာသည့် Abelardo သည် တရုတ် ကစားသမား Jumayi နှင့် လက်ရည် မမျှသူ ဟုပင် ပရိသတ်များ ထင်မြင်အောင် အစွမ်းပြခဲ့ သော်လည်း ပြိုင်ဘက်က ခံနိုင်ရည် ရှိလွန်းသဖြင့် ပွဲချိန်ပြည့် ကစားခဲ့ရခြင်း ဖြစ်သည်။

ပထမအချီ ကတည်းက Jumayi ကို ကြမ်းပေါ်လဲကျအောင် တိုက်ခိုက်နိုင်ခဲ့သူ Abelardo သည် ဒုတိယ အချီတွင်လည်း ယင်းပုံစံကို ဆက်ထိန်းထားပြီး ဆက်လက် တိုက်စစ်ဆင် ခဲ့သည်။ Jumayi သည် ထောက်လက်သီးနှင့် အားပျော့သော အမြန်လက်သီးချက် အချို့ ပြန်လည် ထိုးနှက်နိုင်ခဲ့ သည်မှအပ ထိထိရောက်ရောက် မတိုက်ခိုက် နိုင်ခဲ့ဘဲ တစ်ပွဲလုံး Abelardo ကို စိုးမိုးခွင့် ပေးခဲ့ရသည်။ တတိယ အချီတွင်လည်း Abelardo ၏ အနိမ့်ကန်ချက်နှင့် ဘယ်လက်သီးချက် များက Jumayi ၏ ခံနိုင်ရည်ကို ဖြည်းဖြည်းချင်း နှဲ့ဖြိုနေခဲ့ သော်လည်း ပွဲပြီးသည်အထိ ပြတ်ပြတ်သားသား ပွဲမသိမ်း နိုင်ခဲ့သဖြင့် အမှတ်ဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၅) ဒိုင်ပွဲရပ် စေခဲ့သည့် မွေထိုင်းသမား Naito

Super Series တွဲဆိုင်း တစ်တွဲဖြစ်သည့် ဂျပန်ကစားသမား  Taiki “Silent Sniper” Naito နှင့် နယူးဇီလန်သား Alexi “Phet” Serepisos တို့၏ ဖလိုင်းဝိတ်တန်း မွေထိုင်းပွဲတွင် ပြိုင်ဘက်ကို ဒိုင်ပွဲရပ် ရှုံးနိမ့်စေ ခဲ့သည်အထိ လက်စွမ်းပြ ခဲ့သည့် Naito သည် ယခုပြိုင်ပွဲ၏ အကောင်းဆုံး အနိုင်ရသူ တစ်ဦးဖြစ်သည်။ အသက် ၂၃ နှစ်သာ ရှိသေးသည့် Naito သည် ပထမအချီ ကတည်းက တိကျသည့် လက်သီးတွဲလုံး များနှင့် ပြင်းထန်သည့် အနိမ့် ကန်ချက်များ သုံးကာ ပြိုင်ဘက်ကို ကြိုးဝိုင်းထောင့် ပိတ်ပြီး မနားတမ်း တိုက်စစ်ဆင် ခဲ့သည်။

ဒုတိယ အချီတွင် Serepisos က ပွဲအခြေအနေကို ပြောင်းလဲရန် ကြိုးစားခဲ့ပြီး တန်ပြန် လက်သီးချက်နှင့် ဒူးတိုက်ချက် များက Naito ကို ခြိမ်းခြောက် နိုင်ခဲ့သော်လည်း Naito ၏ ညာခြေ ကန်ချက်များ ထိရောက်မှုကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ တတိယ အချီတွင်တော့ Naito ဖြောင့်လက်သီး ပြင်းပြင်းနှင့် အမြင့်ကန်ချက် များက Serepisos ကို လုံးဝ မဟန်နိုင်တော့သည် အထိ ထိုးနှက်နိုင်ခဲ့ပြီး လက်သီး ချက်များကို ခေါင်းငုံ့ခံရုံမှတပါး မည်သို့မျှ ပြန်လည်ခုခံ တိုက်ခိုက်ခြင်း မပြုနိုင်တော့သဖြင့် ပွဲပြီးရန် ၁၅ စက္ကန့် အလိုတွင် ဒိုင်က ပွဲကို ရပ်တန့်ခဲ့ပြီး Naito ကို အနိုင်ပေးခဲ့သည်။

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena  အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required