NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ အရှိန်မြှင့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ အရှိန်မြှင့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်(အောက်တိုဘာ ၂၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ အစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် တွေ့ဆုံ၊ ဆွေးနွေးမှုများကို အရှိန်မြှင့်ကာ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းရေး၊ နိုင်ငံရေးစားပွဲဝိုင်းတွင် ပါဝင်ရေးနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“NCA ညှိနှိုင်းခဲ့စဉ်က အခု လက်မှတ်မထိုးရသေးတဲ့အဖွဲ့ တော်တော်များများ ပါဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်သာ အားလုံး ပါဝင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ အနေနဲ့လည်း သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ခြေတစ်လှမ်း တက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC 2) တွင် အောက်တိုဘာ ၂၈ရက်က ကျင်းပသည့် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ နိုင်ငံရေးစားပွဲဝိုင်းများတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါဝင်နိုင်ခြင်း မရှိသောကြောင့် လိုအပ်ချက်၊ လစ်ဟာချက်များ ရှိနေသဖြင့် အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းမျိုး ဖြစ်လာစေရန် အစိုးရအနေဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိ အခင်းအကျင်းတွင် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ အကြားမှာပင် တစ်ဆို့မှုများ ရှိနေသဖြင့် NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးသည် အားနည်းနေသေးကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့က မှတ်ချက်ပြုကြသည်။

“အခု ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့နဲ့ အစိုးရ ညှိနှိုင်းတဲ့ပွဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် Principle(အခြေခံသဘောတရား) တွေကို ရအောင်ကြိုးစားမယ် ဆိုပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြီးကိုတောင်မှ လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ညှိနှိုင်းတဲ့ဟာလေးတောင် မည်ကဲ့သို့သော ဖက်ဒရယ် ဖြစ်ရမလဲ၊ မည်ကဲ့သို့သော ဒီမိုကရေစီ ဖြစ်ရမယ်ဆိုတဲ့ ကိစ္စမှာ တစ်ဆို့နေတယ်ဆိုရင် သူတို့(NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ) အနေနဲ့ ဒီအချိန်မှာ လာဖို့က သူတို့အတွက် ဆွဲဆောင်ဖို့အားက တော်တော်လေး နည်းပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက သုံးသပ်သည်။

ယနေ့ကျင်းပသည့် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယက်စစ် အနေဖြင့် ယခု အခမ်းအနားသို့ တက်ရောက်ရန် လွယ်တိုင်းလျဲန်းမှတစ်ဆင့် ကုန်းလမ်းဖြစ်သည့် ဟိုမိန်း- လင်းခေး- တောင်ကြီးလမ်းကြောင်းမှ နေပြည်တော်သို့ သွားရောက်ရန် စီစဉ်မှုအပေါ် တပ်မတော်ဘက်က လုံခြုံရေးကြောင့်ဟုဆိုကာ တားမြစ်သဖြင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ RCSS အဖွဲ့ တက်ရောက်လာနိုင်ခြင်း မရှိသည့်အပေါ် လွန်စွာ ဝမ်းနည်း၊ စိတ်မကောင်း ဖြစ်ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယနေ့အခမ်းအနားမိန့်ခွန်းတွင် ပြောဆိုသွားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့အကြား NCA စာချုပ် ချုပ်ဆိုခဲ့သည်မှာ လေးနှစ်ပြည့်လာသည့်တိုင်အောင် တိုးတက်မှု များများစားစား မရရှိသေးဘဲ “သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ အားကောင်းနေတယ်” ဟု KNU ခေါင်းဆောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ  အစိုးရအနေဖြင့် ရှေ့ဆက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်ကို ယနေ့ အခမ်းအနားတွင် အသိပေးခဲ့သည်။

၎င်းတို့မှာ  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံအစည်းအဝေကို မည်ကဲ့သို့ ရှေ့ဆက်သွားမည် ဟူသည့် ဘုံလုပ်ငန်းစဉ် ရရှိရေး၊  ပါဝင်သင့်၊ ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေးနှင့် ငြိမ်းချမ်းရေး အသီးအပွင့်များကို ပြည်သူလူထု ရရှိခံစားနိုင်ရေးတို့ဖြစ်သည်ဟု ဆိုသည်။

ယနေ့ အခမ်းအနားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် KNU တို့အကြား သီးသန့် တွေ့ဆုံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းနှင့်ပါ သီးခြားစီတွေ့ဆုံနိုင်ရန် KNU ဘက်က အဆိုပြုထားခြင်း ဖြစ်သည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ခု ရှိပြီး ၎င်းတို့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်း ရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required