အန်စီအေ ကို အကောင်အထည်ဖော်ရာတွင် ကတိသစ္စာတည်ကြည်ရန် အရေးကြီးကြောင်း အတိုင်ပင်ခံပြော

အန်စီအေ ကို အကောင်အထည်ဖော်ရာတွင် ကတိသစ္စာတည်ကြည်ရန် အရေးကြီးကြောင်း အတိုင်ပင်ခံပြော

အောက်တိုဘာ ၂၈၊ နေပြည်တော် ။         ။ အန်စီအေပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ကတိသစ္စာတည်ကြည်ကြရန် အရေးကြီးကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ ကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်သည့်  အန်စီအေလက်မှတ်ရေးထိုးသည့် အထိမ်းအမှတ် လေးနှစ်ပြည့်အခမ်းအနား  အဖွင့်မိန့်ခွန်းပြောဆိုရာတွင်  အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီကနေ့ ကျွန်မတို့ကြားမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေက အန်စီအေ စာချုပ်ကြောင့် မဟုတ်ပါဘူး။ အန်စီအေစာချုပ်ကို အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ လိုက်နာမှုလိုအပ်ချက်တွေ နားလည်မှုကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ အန်စီအေကို ပါဝင်လက်မှတ်ထိုးခဲ့တဲ့ သက်ဆိုင်ရာ ခေါင်းဆောင်တွေဟာ အန်စီအေပါ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ရာမှာ ကတိသစ္စာတည်ကြည်ကြဖို့ အရေးကြီးတယ်ဆိုတာ အားလုံးနားလည်ပြီး ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်  သံသယစိတ်နှင့် အတ္တလိုလားချက်များ  ကြီးမားလွန်းရင်လည်း ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများတွင်  မအောင်မြင်နိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောဆိုရာတွင်  ထည့်သွင်းပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတိတ်ကိုလက်ညှိုးထိုးအပြစ်တင်ေနရုံနဲ့ လုပ်ငန်းစဉ်ကြီးပြီးမြောက်စရာမရှိပါဘူး။ ပိုမိုအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုစီးပွားဘဝ တည်ဆောက်နိုင်ဖို့ လက်ရှိပစ္စုပ္ပန်မှာရှိတဲ့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ယခင်က ဘာတွေမှားခဲ့ကြသလဲ၊ ဘာတွေလိုအပ်ချက်ရှိခဲ့ကြသလဲ ဒါတွေကို မှန်မှန်ကန်ကန်၊ အစွဲကင်းကင်းသုံးသပ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ ရှေ့ကိုဆက်လုပ်သွားရင် ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်ပြီးမြောက်မယ်လို့ အကြံပြုပြောကြားလိုပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ကျင်းပသည့် အန်စီအေ လေးနှစ်ပြည့်အခမ်းအနားကို အစိုးရတာဝန်ရှိသူများ လွှတ်တော်မှတာဝန်ရှိသူများ၊ အန်စီအေ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ  တက်ရောက်ခဲ့ကြသည်။ သို့ရာတွင် ခရီးသွားလာမှုဆိုင်ရာ သဘောတူညီမှု မရသဖြင့်  RCSS/SSA ၏ဥက္ကဌ  ဗိုလ်ချုပ်ကြီး ယွက်စစ်တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

 အဆိုပါ အခမ်းအနားသို့ RCSS/SSA မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိသည့်အတွက လွန်စွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း  အန်စီအေလက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား မိန့်ခွန်းပြောကြားခဲ့သူ  ကေအန်ယူဥက္ကဌ  ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖောက ပြောသည်။

အစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဘုံသဘောတူညီချက် ရယူသွားမည်ဟုလည်း  ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly