“အဲ့(ဒီ)လိုမှ မပစ်လို့ ဘယ်လိုလုပ်ရမှာတုန်း။ ဒီကောင်တွေ လူသားတံတိုင်းသဖွယ် Cover(အကာအကွယ်)ယူပြီးတော့ ဆုတ်သွားတာ”- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

“အဲ့(ဒီ)လိုမှ မပစ်လို့ ဘယ်လိုလုပ်ရမှာတုန်း။ ဒီကောင်တွေ လူသားတံတိုင်းသဖွယ် Cover(အကာအကွယ်)ယူပြီးတော့ ဆုတ်သွားတာ”- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
ရဟတ်ယာဉ်နဲ့ သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့ရတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ် (ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(အောက်တိုဘာ ၂၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ “ရွှေနဒီ” ရှပ်ပြေးအမြန်ရေယာဉ်ပေါ်က တပ်မတော်သားတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားစုစုပေါင်း ၅၈ဦးကို AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်မှာ ၁၄ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၇ရက်၊ ညပိုင်းမှာ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တပ်မတော်သား ၁၄ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦးနဲ့ အရပ်သား ၁၃ဦး စုစုပေါင်း ၅၈ဦး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဖမ်းဆီးထားသူတွေကို စစ်ဆေးဖို့ စက်လှေသုံးစီးနဲ့ ခေါ်ဆောင်သွားရာမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်၊ တိုက်ခိုက်ခဲ့တဲ့အတွက် စက်လှေနှစ်စင်း လုံးဝနစ်မြှုပ်သွားပြီး အဲ့ဒီစက်လှေနှစ်စင်းပေါ်မှာ ပါလာတဲ့ ထိန်းသိမ်းခံထားရသူတွေဟာ တပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင့် AA ဘက်ကလည်း ပြောဆိုထားပါတယ်။

ဒါပေမယ့် သေဆုံးသူအရေအတွက်ကိုတော့ နှစ်ဖက်စလုံးက အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မဇ္ဈိမရဲ့ အကြီးတန်းသတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး။ ။ ၂၆ရက်နေ့က ဖြစ်စဉ်မှာ ၁၄ယောက်ကို ကယ်တင်နိုင်တယ်လို့ ဗိုလ်ချုပ်တို့ဘက်က မနေ့ညက ထုတ်ပြန်ထားတာတွေ့တယ်။ အေအေဘက်ကလည်း တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်လို့ အဖမ်းခံရတဲ့သူတွေ သေဆုံးတယ်ဆိုပြီး ပြောထားတယ်။ အဲ့ဒီအခြေအနေလေး ပြောပြပေးပါ။
ဖြေ။ ။ ဇန်နဝါရီလ ၄ရက်နေ့က ခထီးလှတို့၊ ငမြင်းဘော်တို့ အဲ့ဒီစခန်းတွေတိုက်တုန်းကလည်း အဲ့လိုပဲ။ ပြန်ဆုတ်သွားတဲ့အခါမှာ ရဲမိသားစုတွေ၊ ခေါ်သွားတယ်။ ဆုတ်တဲ့နေရာမှာ Cover(အကာအကွယ်) ရအောင်လို့ဆိုပြီး လုပ်တာ ရှိတယ်။ အဲ့လိုမျိုးလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
လုံခြုံရေးစစ်ကြောင်းတွေကတော့ လိုက်လံရှာဖွေနေတယ်။ မနေ့ကတော့ အဲ့ဒီနေရာမှာ သေဆုံးသွားတဲ့ အလောင်းတစ်လောင်း ရတယ်။ အဲ့ဒီသေဆုံးသွားတဲ့ အလောင်းတစ်လောင်းကလည်း သိရတာကတော့ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်လို့ သေဆုံးတာ မဟုတ်ဘူး။ လက်နက်ငယ်ကျည်ကြောင့် သေဆုံးတာ ဖြစ်နေတယ်။ သူတို့ ပစ်ခတ်သွားတာ ဖြစ်နိုင်တယ်။
ကျန်တာတော့ စက်လှေပေါ်မှာ ပါသွားတဲ့သူတွေကတော့ ပါကောင်းပါနိုင်တယ်။ သူတို့ လူသားတံတိုင်းသဖွယ် အသုံးချပြီး လုပ်သွားတဲ့အထဲမှာ ပါကောင်းပါနိုင်တယ်။ အဲ့ဒါတွေကိုတော့ လုံခြုံရေးစစ်ကြောင်းတွေက အလောင်းတွေ လိုက်လံရှာဖွေနေဆဲဖြစ်တယ်။
သူတို့ဆီကလည်း အယောက် ၆၀ကျော်၊ ၇၀လောက် ထိတယ်လို့လည်း သိရတယ်။ စက်လှေမြှုပ်တဲ့အထဲ ပါသွားတယ် ပြောတယ်။

မေး။ ။ ဒါဆို ဗိုလ်ချုပ်တို့ဘက်က ရဟတ်ယာဉ်နဲ့ပစ်လို့သေတာကိုလည်း မငြင်းဘူးဆိုတဲ့သဘောလား။
မှန်တယ်လေ။ တို့ထုတ်ပြန်ချက်ထဲမှာလည်း ပါတယ်။ သတိပေးပစ်ခတ်တယ်ဆိုတာ ပါတယ်။ အဲ့လိုမှ မပစ်လို့ ဘယ်လိုလုပ်ရမှာတုန်း။ ဒီကောင်တွေ လူသားတံတိုင်းသဖွယ် Cover(အကာအကွယ်)ယူပြီးတော့ ဆုတ်သွားတာပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သတိပေးပစ်ခတ်တယ်လို့ ငါတို့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားပဲ။ အဲ့ဒါတွေကတော့ ငြင်းစရာအကြောင်း မရှိပါဘူး။

မေး။ ။ မနေ့ကတော့ ၁၄ယောက် ကယ်တင်နိုင်တယ်လို့ ထုတ်ပြန်ထားတယ်။ နောက်ထပ် ကယ်တင်နိုင်တာ ရှိသေးလား။
ဖြေ။ ။ ထပ်ကယ်တင်နိုင်တာ မရှိဘူး။ ခုနပြောတဲ့ အလောင်းတစ်လောင်းတွေ့တာ ရှိတယ်။ ခုနပြောတဲ့ လက်နက်ငယ်နဲ့ အေအေက ပစ်တာ။

မေး။ ။ အဲ့ဒါက သူတို့ဘက်ကလား၊ ကိုယ့်ဘက်ကလား။
ဖြေ။ ။ ကိုယ့်ဘက်က။ အဲ့ဒါက တိုက်ပွဲဖြစ်လို့ သေတာ မဟုတ်ဘူး။ သူတို့သတ်လို့သေတာ ဖြစ်နိုင်တယ်။

AA အဖွဲ့၏ ပြောခွင့်ရသူ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်ကိုလည်း http://www.mizzimaburmese.com/article/62032 မှာ ဖတ်ရှုနိုင်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly