ဘာသာရေးပဋိပက္ခတွေဟာ ဘာသာရေးအဆုံးအမတွေကြောင့် ဖြစ်လာတာမဟုတ်ပါဘူး

ဘာသာရေးပဋိပက္ခတွေဟာ ဘာသာရေးအဆုံးအမတွေကြောင့် ဖြစ်လာတာမဟုတ်ပါဘူး

နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် စီးပွားရေး၊ လူမှုရေးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများကို  မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Prof. Dr. Iza Fadri အား မဇ္စျိမသတင်းဌာန၏ အယ်ဒီတာချုပ် ဦးစိုးမြင့်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြထားခြင်းဖြစ်သည်။

မေး ။     ။ ဒီနေ့အင်ဒိုနီးရှားမြန်မာဆက်ဆံရေးအခြေအနေကို ခင်ဗျားဘယ်လိုမြင်ပါသလဲခင်ဗျား။

ဖြေ ။       ။  အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တာကြောင့် အင်ဒိုနီးရှားနဲ့ မြန်မာဆက်ဆံရေးဟာ နီးစပ်ပြီးအပြန်အလှန်ယှက်နွယ် မှုရှိတဲ့ဆက်ဆံရေးပါ။ ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တတ်နိုင်သမျှကောင်းကောင်း အသုံးချပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုအပါအဝင် နယ်ပယ်စုံမှာပူးပေါင်းဆောင်ရွက်မှုတွေရှိလာအောင် လုပ်ဆောင်ရပါ မယ်။ ဒီလိုဆက်ဆံရေးတွေ ဖွံ့ဖြိုးလာအောင်လုပ်ရပါမယ်။

အခုလဲကောင်းမွန်နေတဲ့ နှစ်နိုင်ငံကြားအကျိုးတူဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မြှင့်တင်ဖို့ အင်ဒိုနီးရှားက ဦးစားပေးလုပ်ငန်းအဖြစ်ထားပါတယ်။ ဒါ့အပြင် စီးပွားရေးသံတမန်ရေး ခိုင်မာလာဖို့ အတွက် စီးပွားရေးနယ်ပယ်မှာပူးပေါင်းဆောင်ရွက်မှုကို အစိုးရမူဝါဒအနေနဲ့ ချမှတ်ပြီး အင်ဒိုနီးရှားနိုင်ငံက လုပ်ဆောင်သွားပါမယ်။


မေး ။     ။ အင်ဒိုနီးရှားလွတ်လပ်ရေးကို မြန်မာနိုင်ငံကထောက်ခံခဲ့တာအပါအဝင် မြန်မာနိုင်ငံနဲ့ အလွန်ရှည်လျားတဲ့  နှစ်နိုင်ငံဆက်ဆံရေးရှိခဲ့ပါတယ်။ ဒါကိုပြောပြပေးနိုင်မလားခင်ဗျား။

ဖြေ ။       ။  နှစ်နိုင်ငံစလုံးမှာ နိုင်ငံခြားတိုင်းပြည်တခုကသိမ်းပိုက်ထားတာကနေလွတ်လပ်အောင်လုပ်ခဲ့ရတဲ့ တူညီတဲ့ သမိုင်းရှိကြပါတယ်။ အင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံတို့အကြားခင်မင်ရင်းနှီးမှုဟာ မြန်မာနိုင်ငံ အပြည့်အဝမလွတ်လပ်သေးခင် အင်ဒိုနီးရှားရဲ့လွတ်လပ်ရေးစတင်တဲ့အချိန်ကတည်းကရှိခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှာ မြန်မာကြား ဖြတ်အစိုးရရဲ့ အကြီးအကဲဗိုလ်ချုပ်အောင်ဆန်းက အင်ဒိုနီးရှားသမ္မတ ဆူကာနိုနဲ့ဝန်ကြီးချုပ် ဆူတန်ဂျာဟား (SutanSjahrir) တို့ဆီကို ကြေးနန်းပို့ခဲ့ပါတယ်။

ကြေးနန်းစာထဲမှာ ထာဝရကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနဲ့အခြားအရှေ့တောင်အာရှနိုင်ငံများနဲ့ မြန်မာ နိုင်ငံက နီးနီးကပ်ကပ်ပူးပေါင်းဆောက်ရွက်မှုကို တည်ထောင်နိုင်မည်ဟုမျှော်လင့်ပါကြောင်း ဖော်ပြထားပါတယ်။ ၁၉၄၇ ခုနှစ်နယူးဒေလီမှာ ကျင်းပမယ့် အာရှနိုင်ငံများအကြား ဆက်ဆံရေးညီလာခံကိုတက်ရောက်တဲ့အခါ မြန်မာ နိုင်ငံကိုလည်းလာရောက်လည်ပတ်ဖို့ ဒီကြေးနန်းစာထဲမှာဖိတ်ကြားထားပါတယ်။

အင်ဒိုနီးရှားဝန်ကြီးချုပ် ဆူတန်ဂျဟား က နယူးဒေလီမှာ ၁၉၄၇ ခုနှစ် မတ် ၂၇ ကနေဧပြီ ၂ ရက်အထိ ကျင်းပတဲ့ အာရှနိုင်ငံများအကြား ဆက်ဆံရေးညီလာခံကိုလာတက်ခဲ့ပါတယ်။ အိန္ဒိယကအပြန်မှာ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရန်ကုန်မြို့မှာ ဝင်ရောက်ရပ်နားခဲ့ပါတယ်။ ကံမကောင်းချင်ဆော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့မတွေ့ခဲ့ရဘဲ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးနုနဲ့ဘဲတွေ့ဆုံခဲ့ရတယ်။ ဦးနုက ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ သူ့ရဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံရဲ့ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့မှာ ၁၉၄၇ ခုနှစ်မှာဖွင့်လှစ် ခဲ့ ပါတယ်။ ဒီရုံးကနေအင်ဒိုနီးရှားလေကြောင်းလိုင်းအနေနဲ့ မြို့ပြလေကြောင်းလိုင်းအဖြစ် Rl-001 Seulewahလေယဉ်ကို ၁၉၄၉ ခုနှစ်မှာပျံသန်းခွင့်လိုင်စင်ရအောင် လုပ်ပေးခဲ့ပါတယ်။

ဒတ်ချ်တွေက အင်ဒိုနီးရှားကို ဒုတိယအကြိမ်စစ်ရေးအရ ကျူးကျော်တိုက်ခိုက်လာတဲ့အခါ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ အင်ဒိုနီးရှားအရေးကွန်ဖရင့်တရပ် ကို ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၂၀ မှာကျင်းပဖို့ မြန်မာနိုင်ငံကအဆိုပြုခဲ့ပါတယ်။ ဒီကွန်ဖရင့်မှာ အာရှနိုင်ငံပေါင်း ၁၈ နိုင်ငံ တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးကိုထောက်ခံခဲ့ကြပါတယ်။

အင်ဒိုနီးရှာသမ္မတ ဆူကာနိုဟာ သူ့ရဲ့ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယ၊ ပါကစ္စတန် နဲ့ မြန်မာနိုင်ငံတို့ကို ၁၉၅၀ ခုနှစ် ဇန်နဝါရီ ၂၄ရက် ကနေ ဖေဖော်ဝါရီ ၂ ရက် အထိသွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရန်ကုန်မြို့ကိုရောက်တဲ့အခါ ဆူကာနိုကို မြန်မာနိုင်ငံရဲ့ သမ္မတကြီး စဝ်ရွှေသိုက် ကကြိုဆိုခဲ့ပါတယ်။

သမ္မတကြီးဆူကာနိုသွားရောက်လည်ပတ်ခဲ့တဲ့ ဒီ သုံး နိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲရဲ့အခက်ခဲဆုံးအချိန်တွေမှာ အကူအညီအများအပြားပေးခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် ဧပြီလမှာတော့ အင်ဒိုနီးရှားကိုယ်စားလှယ်ရုံးကို အင်ဒိုနီးရှားသံရုံးအဖြစ် ရန်ကုန်မြို့မှာ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာသံရုံးကိုလည်း ဂျကာတာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်ကိုလိုနီနိုင်ငံဟောင်းတြွေဖစ်ခဲ့တဲ့ မြန်မာနဲ့ အင်ဒိုနီးရှားတို့ဟာ နယ်ချဲ့စနစ်နဲ့ ကိုလိုနီဝါဒ ဆန့်ကျင်ရေးတွေမှာ တက်တက် ကြွကြွပါဝင်ခဲ့ကြပါတယ်။ ၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ကနေ ၂၄ အထိ ဘန်ဒေါင်းမြို့မှာကျင်းပခဲ့တဲ့ အာရှ-အာဖရိကကွန်ဖရင့်ကို မြန်မာနဲ့အင်ဒိုနီးရှားတို့ကအိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာတို့နဲ့အတူ အစပြု ကမကထလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မေး ။     ။ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာတာကို အင်ဒိုနီးရှားနိုင်ငံက ကြိုဆိုခဲ့ပြီး အဲဒီကတည်းက အာဆီယံထီးရိပ်အောက်မှာ တလျှောက်လုံး ထောက်ခံအားပေးခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကို အကူအညီပေးရာမှာ အာဆီယံဖိုရမ်က ဘယ်လောက်အရေးပါပါသလဲ။

ဖြေ ။       ။ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ဒေသတခုဖြစ်ဖို့  အာဆီယံဟာ အလွန်ကြီးမားတဲ့အခန်းကပါပါတယ်။ အာဆီယံရှိနေ ခြင်းကြောင့် ဒီဒေသမှာအင်အားကြီးနိုင်ငံတွေ၊ ရန်ဘက်အင်အားကြီးနိုင်ငံတွေ ဝင်ရောက်မလာအောင်ခုထိ ရှောင်လွှဲနိုင်ခဲ့တာဖြစ်တယ်လို့ယူဆကြပါတယ်။

အာဆီယံနိုင်ငံများအကြား ဆွေးနွေးပွဲတွေဖြစ်ပေါ်လာရေးအတွက်လည်း အာဆီယံဟာအခြေခံအုတ်မြစ်တခု ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှပြင်ပကအဓိကနိုင်ငံကြီးတွေနဲ့ အဖွဲ့ဝင်နိုင်ငံတခုခု သို့မဟုတ် ဒေသတွင်းနဲ့ ဆက်ဆံရေးမှာလည်းအာဆီယံဟာအုတ်မြစ်တခုဖြစ်ပါတယ်။

အာဆီယံကိုအရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ရှုမြင်ပါတယ်။ ဆွေးနွေးမှုအပေါ် စိတ်အားထက်သန်မှုရှိတာကို အင်ဒိုနီးရှားနိုင်ငံက အားပေးပါတယ်။ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးနဲ့ အာဆီယံ ပြင်ပက နိုင်ငံများနဲ့ဆက်ဆံရေးတွေအေပါ်ထင်မြင်ယူဆချက်တွေကိုထုတ်ဖော်ေြပာကြားပါတယ်။ အခြားအဖွဲ့ဝင်နိုင်ငံများကို အကူအညီတွေပေးပြီး ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်လည်း ကျနော်တို့ကြိုးပန်းဆောင်ရွက် ပါတယ်။ ပဋိပက္ခတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကြီးတွေမဖြစ်အောင်လည်း ကာကွယ်ဆောင်ရွက်ပါတယ်။

မေး ။     ။ အင်ဒိုနီးရှားနိုင်ငံဟာလည်း ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ရပြီး မကြာသေးခင်က ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ခင်ဗျားဘယ်လိုမြင်ပါသလဲ။

ဖြေ ။       ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ကိုသက်သေပြတာပါဘဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာအနိုင်ရခဲ့တယ်၊ မြန်မာပြည်သူတွေအတွက်လဲပျော်စရာပေါ့။  
ဖြေ ။    ။ဘာလို့လဲဆိုတော့မြန်မာနိုင်ငြံပည်သူအများစုကြီးဟာ အရပ်သားဒီမိုကရက်တစ် အစိုးရတရပ်ကိုတောင့်တနေလို့ပါ။  ဘယ်လိုဘဲဖြစ်ဖြစ် ဒီချုပ်အနိုင်ရခဲ့ပေမဲ့နောက်ထပ်လုပ်စရာအလုပ်တွေ စိန်ခေါ်မှုတွေ အများအပြားရှိနေသေးတယ်၊ ဒါ တွေကိုအစိုးရရင်ဆိုင်နေရတယ်ဆိုတာတွေကတော့ ငြင်းလို့မရတဲ့အချက်တွေပါဘဲ။

မေး ။     ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာရော ခင်ဗျားဘယ်လိုမြင်ပါသလဲဗျ။

ဖြေ ။       ။ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကိုမြှင့်တင်ဖို့  မြန်မာအစိုးရဟာ အမျိုးမျိုးကြိုးပန်းဆောင်ရွက်ခဲ့ပါတယ်။ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ရှိနေတဲ့ ပဋိပက္ခတွေကိုလည်း ရပ်တန့်အောင်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ကတည်းက စပြီးဖြေရှင်းစရာပြဿနာတွေရှိနေေသးပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေအကြား ဆွေးနွေးပွဲတွေပေါ်ပေါက်လာခဲ့ ပါတယ်။

အပစ်ရပ်ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တိုက်ခိုက်မှုတွေဖြစ်နိုင်သမျှ မြန်မြန်ရပ်ဖို့ဟာ မရှိမဖြစ် အချက်ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်နှစ်ဘက်လုံးကတိုက်ခိုက်မှုတွေ ရပ်ရပါမယ်။ လက်နက်ကိုင်ပဋိပက္ခတွေအတွက်ဖြစ်နိုင်တဲ့ အဖြေတွေရှာရပါမယ်။ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အကြား နှစ်ဘက်အပစ်ရပ်စာချုပ်တွေ တဖွဲ့ချင်းနဲ့ထိုးနိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရှေ့သို့ လှမ်းရာမှာ အရေးကြီးတဲ့ခြေလှမ်းတလှမ်းဖြစ်လာပါလိမ့်မယ်။

မြန်မာနိုင်ငံကငြိမ်းချမ်းရ‌ေး ဖြစ်စဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထောက်ခံအားပေးဘို့ အင်ဒိုနီးရှားနိုင်ငံက သံန္နိဌာန်ချထားပါတယ်။ ဒါကြောင့်ဘဲ ဦးကိုကိုကြီးခေါင်းဆောင်တဲ့ မြန်မာနိုင်ငံ အပစ်ရပ်စောင့်ကြည့်မှု ပူးတွဲကော်မတီ (JMC) ကကိုယ်စားလှယ်တွေဟာ အင်ဒိုနီးရှား အာချေးဒေသက ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာရောက်လေ့လာခဲ့ကြပါတယ်။ JMC ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကျွမ်းကျင်သူတွေဖြစ်ကြတဲ့ အာချေးဒေသက ပုဂၢိုလ်တွေ၊ အာချေးဒေသနဲ့ ဆက်စပ်တဲ့သူတွေနဲ့ သူတို့ရဲ့ အကောင်းဆုံးလုပ်ဆောင်မှုနဲ့ အတွေ့အကြုံ တွေအကြောင်း ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ဆွေးနွေးအမြင်ဖလှယ်ခဲ့ကြပါတယ်။ ပဋိပက္ခဖြေရှင်းရေးအတွက် ကောင်းမွန်တဲ့ပုံစံတရပ်အဖြစ် အာချေးငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာအပါအဝင် ကမ္ဘာ့အခြားဒေသက ပဋိပက္ခနဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက် တန်ဖိုးရှိလှတဲ့ သင်ခန်းစာတွေကို ရရှိစေခဲ့ပါတယ်။
မေး ။     ။ ရခိုင်အကြပ်အတည်းဟာ စိုးရိမ်ပူပန်စရာ အကြောင်းတရပ်ဖြစ်နေတာ ထင်ရှားလှပါတယ်။ ရခိုင်အကြပ် အတည်းအပေါ် ခင်ဗျားဘယ်လိုမြင်ပါသလဲ။ ပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့ အင်ဒိုနီးရှားက ဘာတွေ ထောက်ခံအားပေးတာတွေလုပ်နေပါသလဲ။

ဖြေ ။       ။ ရခိုင်ပြဿနာဟာ ရှုပ်ထွေးတဲ့ပြဿနာပါ။ ဘာဘဲဖြစ်ဖြစ် လူသားမျိုးနွယ်အကြပ်အတည်းတရပ်ကို ဖြေရှင်းဖို့ အဖြေရှာရာမှာတော့ ဒီလိုရှုပ်ထွေးတယ်ဆိုတာကို ဆင်ခြေအဖြစ်သုံးလို့မရပါဘူး။ ကျနော်တို့ဟာ အမြဲတမ်းအကောင်းမြင်ရပါမယ်။ အင်ဒိုနီးရှားကဒီကိစ္စမှာဝင်ရောက်ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။ချက်ချင်းဆောင်ရွက်ဖို့ လိုတဲ့ အရေးကြီးတဲ့အချက်က ပါဝင်သူအားလုံးအကြား အပြန်အလှန်ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်  အထောက်အကူဖြစ်စေမယ့်  အခြေအနေတရပ် ဖန်တီးပေးဖို့ပါဘဲ။ ဒါဟာရခိုင်မှာ လူသားချင်းစာနာမှု အကြပ်အတည်းအခြေအနေစတင် ဖြစ်ပေါ်ကတည်းက အင်ဒိုနီးရှားနဲ့ အာဆီယံကဆောင်ရွက်ခဲ့တာတွေဘဲဖြစ်ပါတယ်။

လူသားချင်းစာနာမှုအကြပ်အတည်းအတွက်အဖြေကိုအားပေးဖို့အတွက် အချက် နှစ်ချက်ရှိပါတယ်။ ဒါတွေ ကတော့

(၁) ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကိုဖြေရှင်းပေးရမယ်။ လုံခြုံရေးကိုအာမခံနိုင်အောင်ချက်ချင်းဆောင်ရွက် ရမယ်။ ဒီတော့မှ ဒုက္ခသည်တွေနေရပ်ပြန်ရေးကို မိမိသဘောအလျောက် လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိလုပ် ဆောင်ပေးနိုင်မှာဖြစ်တယ်။

(၂) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ရခိုင်ဒေသပြည်သူတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးတဲ့နည်းတွေနဲ့ ရေရှည် တည်တံ့တဲ့ငြိမ်းချမ်းရေးကို ဖန်တီးပေးရမယ်။

မေး ။     ။အင်ဒိုနီးရှားနဲ့ မြန်မာအာဏာပိုင်တွေ နှစ်ဘက်စလုံးကလူမျိုးရေးနဲ့ ဘာသာရေးကိစ္စတွေမှာ အစွန်းရောက်ဝါဒနဲ့ တော်လှန်ပြောင်းလဲလိုတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာမှာအပေါ် စိုးရိမ်ပူပန်မှုတွေရှိကြပါတယ်။ ကြီးထွားလာနေတဲ့ ဒီခြိမ်းခြောက်မှုတွေအပေါ်ခင်ဗျားဘယ်လိုမြင်ပါသလဲ။

ဖြေ ။       ။ အင်ဒိုနီးရှားနဲ့မြန်မာဟာတူညီတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ (ဘာသာရေးနဲ့လူမျိုးရေး) ဆိုင်ရာနိုင်ငံရေးတယူသန်မှုတွေ တိုးတက်ဖြစ်ပေါ်လာနေတဲ့အခြေအနေဘြဲဖစ်ပါတယ်။ သမိုင်းဆိုင်ရာအရင်းအနှီးကိုစိတ် ရှည်သည်းခံမှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နဲ့ အားလုံးပါဝင်နိုင်မှုဆိုတဲ့ပုံစံတွေနဲ့ ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။

ဘာသာရေးပဋိပက္ခတွေဟာ ဘာသာရေးအဆုံးအမတွေကြောင့်ဖြစ်လာတာမဟုတ်ပါဘူး။  အချို့သောအုပ်စုတွေက သူတို့ရဲ့ စီးပွား ရေးနဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် ဘာသာရေးခံစားချက်တွေကိုအသုံးချပြီး အကြောင်းပြပြီး ဆောင်ရွက်ကြတာပဲဖြစ်တယ်။ ညီမျှတဲ့ဖွံ့ဖြိုးမှုကိုအာမခံနိုင်အောင်လုပ်ဆောင်ပေးဖို့က အစိုးရ ရဲ့ တာဝန်ဖြစ်ပြီး ဒီနည်းနဲ့ပဲ လူမှုရေး ယုတ်လျော့မှုကြီး သို့မဟုတ် ပဋိပက္ခတွေကိုလျှော့ချပေးနိုင်မှာဖြစ်တယ်။

အင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံဟာ (အုပ်စိုးသူနဲ့ပြည်သူဆိုတဲ့) ဒေါင်လိုင်ပဋိပက္ခတွေကိုသာရင်ဆိုင်နေရတာမဟုတ် ဘူး၊ အလျားလိုက်ပဋိပက္ခဖြစ်တဲ့ (လူ့အသိုင်းအဝိုင်းတွေအတွင်း၊ တခုနဲ့တခုအကြား) တွေလည်းရှိနေတာဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့နဲ့ လူမှုရေးပေါင်းစည်းမှုတွေကို ကြိုးပန်းဆောင်ရွက်ဖို့က ပိုလို့ အရေးပါလာ ပါတယ်။ ဒီလိုဆက်စပ်မှုမျိုးမှာဆွေးနွေးပွဲအလေ့အထနဲ့ အလွတ်သဘောချဉ်းကပ်မှုတွေကိုအောက်ေြခအဆင့် တွေမှာ ပြုလုပ်ရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ တော်လှန်ပြောင်းလဲလိုတဲ့ လှုပ်ရှားမှုတွေနဲ့ အစွန်းရောက်ဝါဒကို ဖြေရှင်းရာမှာ အားလုံးပါဝင်ရမှာဖြစ်တယ်။ အစိုးရနဲ့ လူ့အဖွဲ့အစည်း နှစ်ဘက်လုံးပါဝင်ရမှာ ဖြစ်တယ်။

မေး ။     ။ အင်ဒိုနီးရှားကမြန်မာနိုင်ငံကိုပေးနေတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေအကြောင်း ရော ပြောပြနိုင်မလားခင်ဗျာ။

ဖြေ ။       ။ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ အင်ဒိုနီးရှားနိုင်ငံက စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျောင်းတွေဆောက်ပေးတာနဲ့ လူနာတင်ယဉ်တွေပေးတာအပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ပဋိပက္ခတွေဖြစ်ပေါ်တဲ့အချိန်ကစပြီး ပထမဆုံးတုံ့ပြန်ဆောင်ရွက်မှုအေနနဲ့ အင်ဒိုနီးရှားနိုင်ငံက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ တန် ၂၀ ကို ၂၀၁၇ ခုနှစ် သြဂုတ်လမှာပေးအပ်ခဲ့တာဟာ အစိုးရချင်းမြန်မာနိုင်ငံကို ပေးအပ်ခဲ့တဲ့ ပထမဦးဆုံးပစ္စည်းအကူအညီဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ အပြုသဘောဆောင်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့နဲ့ အစိုးရကထောက်ပံ့ထားတဲ့ ဆေးဘက်ဆိုင်ရာအရေးပေါ် ကယ်ဆယ်ရေးကော်မတီ (MER-C) တို့ရဲ့ပူးပေါင်းဆောင် ရွက် မှုတွေနဲ့ အခုလောလောဆယ် ရခိုင်ပြည်နယ်မှာ အခြေစိုက် ဆေးရုံတရုံကို ဆောက်လုပ်ပေးနေပါတယ်။ ဆေးရုံဆောက်လုပ်မှုဟာအခုဆိုရင် ၉၀% ပြီးစီးနေပြီးတော့ မကြာခင်မှာ ဆေးရုံသုံးစက်ကရိယာပစ္စည်းတွေဝယ်ယူ တပ်ဆင်မှုတွေလုပ်တော့မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားအကူအညီစီမံကိန်းတခုဖြစ်တဲ့ ရခိုင်ပြည်နယ် မြောင်းဘွဲဆေးရုံကိုလဲမကြာခင်စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မြောင်းဘွဲဆေးရုံစီမံကိန်းဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီကိုပေးတာနဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ပေးတာဟာလူမျိုး၊ ဘာသာ၊ နောက်ခံအကြောင်းအရာဘာနဲ့မှမဆိုင်တဲ့ ရခိုင်ပြည်နယ်က လူ့အသိုင်းအဝိုင်းတခုလုံးအတွက် အားလုံးပါဝင်စေတဲ့ အကူအညီ ဖြစ်တယ်ဆိုတဲ့ အင်ဒိုနီးရှားအစိုးရနဲ့ ပြည်သူတွေရဲ့ အကြံဉာဏ်ကို လက်တွေ့အကောင်အထည်ဖော်တာလဲ ဖြစ်ပါတယ်။

မေး ။     ။ မြန်မာနိုင်ငံနဲ့ကုန်သွယ်ရာမှာ အင်ဒိုနီးရှားနိုင်ငံက အဓိကစောင်းပေးတာက ဘာပါလဲခင်ဗျာ။

ဖြေ ။       ။ အင်ဒိုနီးရှားအစိုးရနဲ့ စီးပွားရေးလောကက လူတွေဟာ ရန်ကုန်မှာစီးပွားရေးနဲ့ ဆိုင်တဲ့အစည်းအဝေးတွေ အမြောက်အမြားပြုလုပ်ပြီး မြန်မာနိုင်ငံနဲ့စီးပွါးရေးအဆက်အသွယ်ထူထောင်နိုင်ဖို့ ဖြစ်နိုင်ခြေတွေကို စူးစမ်းရှာဖွေခဲ့ကြပါတယ်။ အင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံအကြား ကုန်သွယ်မှုတန်ဘိုးဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်အထိရောက်ရှိခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးဆက်ဆံမှုသမိုင်းမှာ အမြင့်ဆုံးရောက်ရှိခဲ့တာလဲဖြစ်ပါတယ်။

အင်ဒိုနီးရှားကမြန်မာနိုင်ငံကို တင်ပို့တဲ့  ပို့ကုန်တွေထဲမှာ စားအုန်းဆီနဲ့ စားသုံးဆီ၊ အီလက်ထရောနစ်ပစ္စည်း၊ ပလပ်စတစ်၊ ရာဘာ၊ ပျော့ဖတ်နဲ့စက္ကူ၊ ကားအပိုပစ္စည်းတွေက ပမာဏအများအပြားပါဝင်ပါတယ်။ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ပြန်လည်တင်သွင်းတဲ့ ပစ္စည်းတွေကတော့ ပဲအမျိုးမျိုး၊ သကြားနဲ့ ကျွန်းသစ်တို့ဖြစ်ပါတယ်။  ဘယ်လိုဘဲဖြစ်ဖြစ် ဝယ်ယူတာ ရောင်းချတာတွေမှာ ပို့ကုန်နဲ့သွင်းကုန်နှစ်မျိုးလုံးကို တတိယလူကြားခံနဲ့ ပြုလုပ်ရတာဖြစ်တဲ့အတွက် နှစ်နိုင်ငံကြားတိုက်ရိုက်ကုန်သွယ်မှုလုပ်ရတာနဲ့စာရင် ကုန်ကျစရိတ်တွေပိုများနေပါ တယ်။

စောင်းပေးလုပ်ရမဲ့အခြားအလားအလာရှိတဲ့ ကဏ္ဍတွေလဲရှိပါသေးတယ်။ ဒါတွေကတော့ စိုက်ပျိုးရေးဆိုင်ရာစီး ပွားရေး၊ တိရိစ္ဆာန်မွေးမြူရေး၊ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းတွေဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်း၊ ချင်မျှင်အထည်နဲ့လက်မှုပစ္စည်းတွေဟာလဲအလားအလာကောင်းပါတယ်။

 
မေး ။     ။ အင်ဒိုနီးရှားကုမ္ပဏီတွေကရော မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ဖို့ စိတ်ဝင်စားကြပါသလားခင်ဗျ။ မြန်မာနိုင်ငံ က စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၀န်းကျင် အခြေအနေကရောဘယ်လိုရှိပါသလဲ။

ဖြေ ။       ။ ဟုတ်ကဲ့ သိပ်မှန်ပါတယ်။ မြန်မာနိုင်ငံဟာအင်ဒိုနီးရှားရဲ့ ကြီးမားတဲ့ကုန်သွယ်ဖက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလူဦးရေ ၅၅ သန်းရှိတဲ့စျေးကွက်ကြီးဖြစ်တာကြောင့်ရယ် သဘာဝသယံဇာတ ကြွယ်ဝတဲ့ အကြောင်းတွေကြောင့် လည်းရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတွေအများအြပားရှိနေပါပြီ။  သူတို့ကတော့ JapfaComfeed ကြက်မွေးမြူရေးလုပ်ငန်းနဲ့ Kalbe Farma ဆေးဝါးစက်ရုံတို့ဖြစ်ကြပြီး အလျင်အမြန်တိုးတက်နေတဲ့ လူသုံးကုန်ပစ္စည်း ကဏ္ဍက လုပ်ငန်းတွေလဲပါ ဝင်ကြပါတယ်။ ၂၀၁၉ ပထမနှစ်ဝက်မှာ ကုမ္ပဏီ ၂၀ ကျော် စီးပွားရေးလုပ်ကိုင်နိုင်မဲ့ အလားအလာတွေကို လေ့လာဘို့ မြန်မာပြည်ကိုသွားရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအလားအလာ အလွန်ကောင်းပေမဲ့ ကြီးမားပေမဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါပဲ။  အဓိကစိန်ခေါ်မှု သုံး ရပ်ရှိပါတယ်။ အဲဒါတွေ ကတော့ တရားဥပဒေစိုးမိုးမှုရဲ့မရေရာမေသချာမှု၊ မြန်မာနိုင်ငံက အခြေခံအဆောက်အအုံတွေရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာစီးပွါးရေးလုပ်ရာမှာဘယ်လိုလုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ ရှုပ်ထွေးမှုဖြစ်ပါတယ်။  ဘာဘဲဖြစ်ဖြစ် မြန်မာအာဏာပိုင်တွေဟာ အဓိကစိန်ခေါ်မှုကြီးတွေကို အမြန်ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အဖြေကို သိပ်မကြာခင်ရှာဖွေနိုင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး ။     ။ အခုကမ္ဘာပေါ်မှခေါင်းကြီးသတင်းြဖစ်နေတာကတော့ လူလုပ်ကပ်ဘေးဖြစ်တဲ့ရာသီဥတုဖောက်ပြန်မှုပါဘဲ။ ဒီပြဿနာကိုဖြေရှင်းဖို့ နိုင်ငံအားလုံးပါဝင်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင်ပြဿနာကိုပြောကြတဲ့အခါ အင်ဒိုနီးရှား နိုင်ငံကတောပြုန်းမှု နဲ့ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိတဲ့ တောင်ယာလုပ်ဖို့ တောမီးရှို့တဲ့ကိစ္စပါဘဲ။ ဒီပြဿနာတွေကိုအင်ဒိုနီးရှားနိုင်ငံ ဘယ်လိုကိုင်တွယ်ဖြေရှင်းနေပါသလဲ ခင်ဗျား။

ဖြေ ။       ။တောမီးတွေကိုကြိုတင်သိရှိနိုင်ေအာင်၊ ကြိုတင်သတိပေးနိုင်အောင်၊ လျင်လျင်မြန်မြန်ငြိမ်းသတ်နိုင်ေအာင် လုပ် ထားတဲ့စနစ်တွေကို အင်ဒိုနီးရှားနိုင်ငံက အနေတော်အနေအထားရောက်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အ ပြင် မြေဆွေးမြေစီမံခန့်ခွဲမှုကိုလည်း စည်းမျဉ်းစည်းကမ်းတွေ အခြေခံအဆောက်အအုံတွေ နဲ့ ဂေဟစနစ်ပြန် လည်ထိန်းသိမ်းရေးစနစ်တွေနဲ့ ဆောင်ရွက်နေပါတယ်။

တောမီးနဲ့ သစ်တောစီမံခန့်ခွဲနိုင်ဖို့အတွက်လည်း ဒေသန္တရစီးပွားရေးအဖွဲ့အစည်းတွေကို ခိုင်မာအောင်လုပ် ဆောင်ခြင်း၊ စီးပွားရေးမက်လုံးများပေးခြင်း၊ စိုက်ပျိုးရေးအတွက်တောမီးရှို့စရာမလိုတဲ့စနစ်ဖြစ်ပေါ်လာအောင် ကျွမ်းကျင်မှုသင်တန်းများပေးခြင်း၊ ဥပဒေစိုးမိုးမှုကိုအနေတော်အနေအထားရောက်အောင်လုပ်ခြင်းစတာတွေနဲ့ ဒေသခံ အသိုင်းအဝိုင်းကို စွမ်းအားတောင့်အောင်လုပ်ဆောင်ေနပါတယ်။

မေး ။     ။ အနာဂတ်အင်ဒိုနီးရှားမြန်မာဆက်ဆံေရးကိုရော ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဖြေ ။       ။ အင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံတို့ အနေနဲ့ ဖွံ့ဖြိုးဖို့ အလားအလာရှိတဲ့ ကဏ္ဍတွေဖြစ်ကြတဲ့ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ချည်မျှင်နှင့်အထည်၊ ထုတ်လုပ်မှု နဲ့ စားသောက်ကုန် ကဏ္ဍတွေမှာ နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးတွေကို ခိုင် မာအောင်လုပ်ဆောင်ဖို့ လိုပါတယ်။

အင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံတို့ဟာ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့အတူ အာဆီယံအသိုက်အဝန်းရဲ့မဏ္ဍိုင်ကြီး သုံး ရပ်ဖြစ်တဲ့ အာဆီယံနိုင်ငံရေး လုံခြုံမှုအသိုက်အဝန်း၊ အာဆီယံစီးပွါးရေးအသိုက်အဝန်းနဲ့ အာဆီယံလူမှုယဉ် ကျေးမှု အသိုက်အဝန်းတို့ကို ခိုင်မာအောင်လုပ်ဆောင်တဲ့အရေးပါတဲ့ကဏ္ဍကပါဝင်လုပ်ဆောင်ဖို့လိုပါတယ်။

သက်တမ်း နှစ် ၇၀ ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှား မြန်မာသံတမန်ဆက်ဆံရေးဟာ အခုတော့ကြီးမားတဲ့ ချစ်ကြည်ရင်း နှီးမှုအဖြစ် ဖူးပွင့်ဝေဆာလာခဲ့ပါပြီ။ လာမဲ့နှစ်တွေမှာလည်း အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ ပိုမိုသာယာဝပြောတဲ့ နိုင်ငံတွေဖြစ်လာဘို့ လက်ချင်းချိတ်ပြီးဆက်လက်လျှောက်လှမ်းသွားကြမှာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

Mizzima Weekly