AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူများ သေဆုံးမှုနှင့် ပတ်သက်၍ AA ပြောခွင့်ရ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်

AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူများ သေဆုံးမှုနှင့် ပတ်သက်၍ AA ပြောခွင့်ရ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်
(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

နေပြည်တော်(စက်တင်ဘာ ၂၇ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ထွက်ခွာလာတဲ့ “ရွှေနဒီ” ရှပ်ပြေးအမြန်ရေယာဉ်ကို အောက်တိုဘာ ၂၆ရက်၊ မနက် ဆယ်နာရီကျော်လောက်က ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ AA တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ရပ်တန့်စေကာ ရေယာဉ်ပေါ်မှာ ပါလာသူတွေထဲက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တပ်မတော်သား ၁၄ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦးနဲ့ အရပ်သား ၁၃ဦး စုစုပေါင်း ၅၈ဦး ဖြစ်တယ်လို့ ယနေ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားသူတွေကို စစ်ဆေးဖို့ စက်လှေသုံးစီးနဲ့ ခေါ်ဆောင်သွားရာမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်၊ တိုက်ခိုက်ခဲ့တဲ့အတွက် စက်လှေနှစ်စင်း လုံးဝနစ်မြှုပ်သွားပြီး အဲ့ဒီစက်လှေနှစ်စင်းပေါ်မှာ ပါလာတဲ့ ထိန်းသိမ်းခံထားရသူတွေ သေဆုံးသွားပြီလို့ AA ဘက်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မဇ္ဈိမရဲ့ အကြီးတန်းသတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မနေ့က ဖမ်းသွားတဲ့သူတွေ သေဆုံးကုန်ပြီလို့ သိရပါတယ်။ ဘယ်လိုဖြစ်တာလဲခင်ဗျာ။

ဖြေ။ ။ မနေ့က အောက်တိုဘာလ ၂၆ရက်နေ့၊ မနက် ၁၀နာရီလောက်မှာ ရသေ့တောင်မြို့နယ်၊ ရေမျက်ရွာနားမှာ ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ ရက္ခိုင့်တပ်မတော် တပ်ဖွဲ့တွေက ‘ရွှေနဒီ’ အမြန်(ရေ)ယာဉ်ကို ရပ်တန့်ပြီးတော့ စစ်ဆေးခဲ့တာ ရှိတယ်။

ဆိုတော့ အဲ့လို စစ်ဆေးတဲ့အချိန်မှာ အရပ်သားတွေ အသွင်ယူပြီးတော့မှ ပြည်သူတွေနဲ့အတူတူ ရောနှောပြီးတော့ စီးနင်းလိုက်ပါလာတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ချို့ကို အဲ့ဒီမှာ တွေ့ရှိတယ်။ နောက်ပြီး တစ်ခြား မသင်္ကာစရာ လူတစ်ချို့လည်း တွေ့ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ကိုပါ ခေါ်ယူထိန်းသိမ်းထားခဲ့တာ ရှိတယ်။

ဆိုတော့ အဲ့ဒီထိန်းသိမ်းထားတဲ့သူတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းတဲ့အချိန်မှာ မြန်မာစစ်တပ်ကနေပြီးတော့ နေ့လည် ၁၂နာရီခွဲလောက်မှာ ရဟတ်ယာဉ် သုံးစီးနဲ့ ရော့ကတ်တွေနဲ့ပစ်၊ စက်သေနတ်တွေနဲ့ပစ်ပေါ့နော်။ အဲ့လို တိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ စက်လှေသုံးစီး ထိတာ ရှိတယ်။ စက်လှေသုံးစီးမှာ နှစ်စီးကတော့ လုံးဝ နစ်မြှုပ်သွားတာပေါ့နော်။

နစ်မြှုပ်သွားတဲ့ စက်လှေထဲမှာလည်း ထိန်းသိမ်းခံထားရတဲ့သူ တစ်ချို့လည်း ပါသွားတယ်။ နောက်ပြီးတော့ ထိန်းသိမ်းထားတဲ့သူ(တွေ)ကို လုံခြုံရေးပေးပြီးတော့ ခေါ်လာတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တစ်ချို့လည်း အဲ့မှာ ပါသွားတာ ရှိတယ်။

နောက် (စက်လှေ)တစ်စီးကလည်း ပျက်စီးသွားတယ်။ ဒါပေမယ့် အဲ့ဒီ ကျန်တဲ့တစ်စီးကလူတွေကတော့ ကိုယ်လွတ်ရုန်းပြီးတော့ ထွက်ပြေးလွတ်မြောက်လာတာတွေ ရှိတယ်။ နောက်ပြီးတော့ မြန်မာစစ်တပ်က ညနေခြောက်နာရီလောက်အထိ အဆက်မပြတ် ရဟတ်ယာဉ်သုံးစီးနဲ့ ရော့ကတ်တွေနဲ့ပစ်၊ စက်သေနတ်တွေနဲ့ပစ် အဲ့လို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ရှိတယ်။
အဲ့ဒီမှာ ကျည်ကွယ်၊ မျက်ကွယ်မရှိတဲ့နေရာမှာ ရောက်နေတဲ့ ထိန်းသိမ်းခံထားရတဲ့သူတစ်ချို့ အဲ့ဒီမှာ ထပ်မံသေဆုံးခဲ့တာတွေလည်း ရှိတယ်။ နောက်ပြီးတော့ သူတို့ကို လုံခြုံရေးပေးပြီးတော့ ခေါ်လာတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တစ်ချို့လည်း အဲ့မှာ သေကြေဒဏ်ရာရတာ ရှိတယ်။

ဆိုတော့ ဒီပစ်ခတ်မှုမှာ ထိန်းသိမ်းခံထားရတဲ့သူတွေ သူတို့ရဲ့ မြန်မာစစ်သားတွေကို တွေ့ပါလျက်နဲ့ မြန်မာလေတပ်ကနေပြီးတော့မှ အဲ့လိုမျိုး ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ ဥစ္စာကတော့ တော်တော်လေး မိုက်ရိုင်းတဲ့လုပ်ငန်း ဖြစ်တယ်လို့ ပြောချင်တယ်။ ဒီသေဆုံးမှုဟာ မြန်မာစစ်တပ်က ပစ်ခတ်တိုက်ခိုက်လို့သေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီပစ်ခတ်တိုက်ခိုက်တဲ့ မြန်မာစစ်တပ်မှာပဲ အပြည့်အဝ တာဝန်ရှိတယ်။
အခု နောက်ဆုံးကတော့ မြန်မာစစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ သေသွားတဲ့သူက ဘယ်နှစ်ယောက် ရှိလဲ၊ အခင်းဖြစ်တဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့သူက ဘယ်နှစ်ယောက် ရှိသလဲ၊ နောက်ပြီး ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ အတူတူ လုံခြုံတဲ့နေရာကို လွတ်မြောက်လာတဲ့သူက ဘယ်နှစ်ယောက်ရှိသလဲဆိုတဲ့ဟာကို ဆက်ပြီးတော့ စိစစ်တုန်းပဲ ရှိသေးတယ်။ စိစစ်ပြီးသွားလို့ရှိရင်တော့ ထပ်ပြီးတော့ ထုတ်ပြန်သွားဖို့ ရှိတယ်။

မေး။ ။ ဖမ်းသွားတဲ့သူတွေအားလုံးက အမျိုးသားတွေချည်းပဲလား။ အမျိုးသမီးနဲ့ ကလေးတွေကော ပါသေးလား။

ဖြေ။ ။ ကျွန်တော် အကြမ်းဖျင်းသိရသလောက်ကတော့ အမျိုးသားတွေချည်းပဲလို့ သိရတယ်။ အရပ်သားတစ်ချို့ပါတယ်ဆိုတာတော့ နောက်ပိုင်းမှာ သတင်းပို့လာတာ ရှိတယ်။ အဲ့ဒီအရပ်သားတွေကို အမြန်ဆုံးလွတ်ပေးဖို့တော့ စီစဉ်နေတယ်။

မေး။ ။ ဒီစက်လှေတွေက ဘယ်နားမှာ မြှုပ်တာလဲ။

ဖြေ။ ။ အခင်းဖြစ်တဲ့ နေရာက ရွှေနဒီ(အမြန်ရေယာဉ်)ကို စစ်ဆေးတာက ရေမျက်ရွာနားမှာ စစ်ဆေးတာ။ အဲ့ဒီရေမျက်ရွာကနေပြီးတော့ နောက်ထပ် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းတဲ့အချိန်မှာ နောက်ထပ် စက်လှေငယ်တွေနဲ့ ထပ်ပြီးတော့ ရွှေ့ပြောင်းတာပေါ့နော်။ အဲ့ဒီအချိန်မှာ မြန်မာလေတပ်ကနေပြီးတော့ ရော့ကတ်တွေနဲ့ ပစ်တာ။ နောက် ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်ကြီးတွေနဲ့ ပစ်တယ်။ အဲ့ဒါကြောင့် စက်လှေနှစ်စီးကတော့ လုံးဝ နစ်မြှုပ်သွားတယ်။ အဲ့ဒီစစ်လှေထဲမှာပါသွားတဲ့ ထိန်းသိမ်းခံထားရတဲ့သူတွေ အားလုံးလည်း သေပြီလို့ ယူဆရတာပေါ့နော်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တစ်ချို့လည်း အဲ့အထဲမှာ ပါသွားတာ ရှိတယ်။
မေး။ ။ အဲ့တော့ အစိုးရဘက်က ထုတ်ပြန်တာကတော့ အဖမ်းခံရတာ ၅၈ ယောက် ရှိတယ်လို့ ပြောထားပါတယ်။ ဆိုတော့ ဒီလူအားလုံး သေသွားပြီဆိုတဲ့ သဘောလား။
ဖြေ။ ။ အားလုံးတော့ မဟုတ်ဘူးဗျ။ အဲ့မှာ လွတ်မြောက်လာတဲ့သူတွေတော့ ရှိတယ်။ ကျွန်တော်တို့နဲ့အတူတူ လွတ်မြောက်လာတဲ့သူ အားလုံးကိုတော့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတယ်။ အခုကတော့ စိစစ်တုန်းပဲ ရှိသေးတယ်။ အခင်းဖြစ်တဲ့နေရာက သေသွားတာက ဘယ်နှစ်ယောက်လဲ။ ထွက်ပြေးလွတ်မြောက်သွားတာက ဘယ်နှစ်ယောက်လဲဆိုတာ အခု စိစစ်တုန်းပဲ ရှိသေးတယ်။ သေသေချာချာ စိစစ်ပြီးလို့ အထက်ကို Report(သတင်းပို့)လာရင်တော့ အဲ့ဒါကို တိတိကျကျ ပြောလို့ရမယ်။

မေး။ ။ AA ဘက်ကလည်း ကျဆုံးတယ်ဆိုတော့ ဘယ်နှစ်ဦးကျဆုံးလဲ သိရပြီလား။

ဖြေ။ ။ အဲ့ဒါလည်း စိစစ်တုန်းပဲဗျ။ ထိန်းသိမ်းခံရတဲ့သူတွေနဲ့အတူတူ စက်လှေနှစ်စီးနစ်တဲ့ဟာမှာ ပါသွားတဲ့ဥစ္စာ ဘယ်နှစ်ယောက်လဲဆိုတာ အသေအချာ စိစစ်တုန်းပဲ ရှိသေးတယ်။ စိစစ်လို့ပြီးရင်တော့ အကုန်လုံး ထုတ်ပြန်မယ်။

မေး။ ။ အေအေ အနေနဲ့ ဒီလူတွေကို ခေါ်သွားစရာ၊ ဖမ်းသွားစရာ မလိုဘူးလို့လည်း ပြောနေကြတယ်။ ဒီအပေါ်မှာကော ဘယ်လိုတုံ့ပြန်မလဲ

ဖြေ။ ။ ဒီလူတွေကနေပြီးတော့ မြန်မာစစ်တပ်ကနေပြီးတော့ ကျွန်တော်တို့ကို ရခိုင်ပြည်အနှံ့မှာ စစ်ဆင်ရေးလုပ်နေတာ။ ဆိုတော့ ဒီစစ်ဆင်ရေး နယ်မြေထဲမှာ သူတို့ဘက်ကနေ လုံခြုံရေး ဆောင်ရွက်သလို ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ပြည်သူကို ကာကွယ်ဖို့အတွက် ပြည်သူ့လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေတာ ရှိတယ်။ အဲ့ဒီမှာ မြန်မာစစ်သားလို့ တွေ့လို့ရှိရင်တော့ ကျွန်တော်တို့ကတော့ တာဝန်အရ ဖမ်းဆီးမှာပဲ။
အခု ပါလာတဲ့သူတွေထဲမှာ အရပ်သား အသွင်ဆောင်ပြီးတော့မှ အရပ်သားတွေနဲ့ ရောနှောပြီးတော့ အရပ်သားပုံစံမျိုး လိုက်လာတဲ့ မြန်မာစစ်သားတွေ ဖြစ်တယ်။ သူတို့က တာဝန်နဲ့သွားနေတဲ့သူတွေ ဖြစ်တယ်။ တစ်ချို့လူတွေဆိုလို့ရှိရင် စစ်တွေကနေပြီးတော့ အစည်းအဝေးပြီးလို့ ပြန်လာတဲ့သူတွေလည်း ပါတယ်။ သူတို့ဟာ Active တွေပဲ။ တာဝန်ထမ်းဆောင်နေတဲ့သူတွေ။ အဲ့ဒါကြောင့်မို့လို့ သူတို့ကို လိုအပ်သလို လုံခြုံရေးအရ ထိန်းသိမ်းပြီးတော့ စစ်ဆေးတာ ဖြစ်တယ်။ ခင်ဗျား…ကျွန်တော်တို့ ပြည်သူတွေကို ဘာမှ ပတ်သက်မှုမရှိဘဲနဲ့ မြန်မာ စစ်တပ်က အသလွတ် လိုက်ပြီးဖမ်းပြီးတော့ တစ်ချို့လူတွေ ဆိုလို့ရှိရင် လက်လွန်ပြီး သေသွားတဲ့သူတွေ အများကြီး ရှိတယ်။ ကျွန်တောတို့က သူတို့ကို အဲ့လို မလုပ်ပါဘူး။

ကျွန်တော်တို့က လုံခြုံရေးအရ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းပြီးတော့ စစ်ဆေးဖို့အတွက် ခေါ်တာ။ အဲ့ဒါကို သူတို့ရဲ့ မြန်မာစစ်တပ်က မိုက်မိုက်ရိုင်းရိုင်းနဲ့ ဒီလိုမျိုး လူမဆန်စွာ ဗုံးကြဲတဲ့ ရော့ကတ်တွေနဲ့ပစ်၊ လေတပ်ကို အင်အားအလွန်အကျွံသုံးပြီးတော့ တိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး အဖြစ်ဆိုးနဲ့ ကြုံရတာ။ ဒါ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှုမှာ သေသွားတဲ့သူတွေအားလုံးဟာ မြန်မာစစ်တပ်ကပစ်လို့ သေတာဖြစ်တယ်။ အဲ့ဒါကြောင့် ဒီလူတွေသေတဲ့ဟာဟာ မြန်မာစစ်တပ်မှာပဲ အပြည့်အဝ တာဝန်ရှိတယ်ဗျ။

“အဲ့(ဒီ)လိုမှ မပစ်လို့ ဘယ်လိုလုပ်ရမှာတုန်း။ ဒီကောင်တွေ လူသားတံတိုင်းသဖွယ် Cover(အကာအကွယ်)ယူပြီးတော့ ဆုတ်သွားတာ”- ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဖတ်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly