ဗီလာနဲ့ပွဲက မန်စီးတီးရဲ့ ပထမပိုင်းခြေစွမ်းအတိုင်းဆိုရင် ချန်ပီယံဆုထက် တန်းဆင်းရလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဂွာဒီယိုလာ

ဗီလာနဲ့ပွဲက မန်စီးတီးရဲ့ ပထမပိုင်းခြေစွမ်းအတိုင်းဆိုရင် ချန်ပီယံဆုထက် တန်းဆင်းရလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ဂွာဒီယိုလာ
Photos: EPA

စီတီးတို့ဟာ အီတီဟတ်ကွင်းမှာ ဗီလာကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပထမပိုင်း ဂိုးမသွင်းနိုင်ခဲ့လို့ ဂွာဒီယိုလာ စိတ်ပျက်ခဲ့

ပက် ဂွာဒီယိုလာက အက်စတွန်ဗီလာနဲ့ပွဲမှ ပထမအတိုင်းသာဆိုပါက မန်ချက်စတာစီးတီးအသင်းအနေနဲ့ ချန်ပီယံဆုစိန်ခေါ်နိုင်ရေးထက် တန်းမဆင်းရရေးအတွင်ပင် ရုန်းကန်ရလိမ့်မယ်လို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

စီးတီးဟာ တန်းတက် ဗီလာနဲ့ ပထမပိုင်းမှာ ဂိုးမသွင်းယူနိုင်ပဲ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပိုင်းအပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်း ဂွာဒီယိုလာရဲ့ တွန်းအားပေးမှုတွေက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒုတိယပိုင်းအစ (၁)မိနစ်အကြာမှာပဲ စတာလင်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီဘရိုင်းနဲ့ ဂန်ဒိုဂန်တို့က ဂိုးတွေ ဆက်တိုင်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီး စီးတီးက (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ အပြည့်အဝ မကျေနပ်နိုင်ခဲ့ပါဘူး။

ဂွာဒီယိုလာကတော့ သူ့အသင်းရဲ့ ပထမပိုင်း ကစားပုံအရဆိုရင် တန်းဆန်းဇုန်က အသင်းတစ်သင်းရဲ့ အဆင့်သာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

"လွန်ခဲ့တဲ့ ၆ ရက်က လီဗာပူးလ်နဲ့ ၈ မှတ်ကွာဟနေရာကနေ အခုတော့ ၃ မှတ်ပဲကွာပါတော့တယ်။"လို့ ဂွာဒီယိုလာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကျနော်ကတော့ ဇယားရပ်တည်မှုအပေါ် မစိုးရိမ်ပါဘူး။ ကျနော်တို့ရဲ့ ကစားပုံနဲ့ပတ်သက်လို့ပဲ စိုးရိမ်မိတာပါ။

"ဒုတိယပိုင်းလိုသာ ကျနော်တို့ ကစားနိုင်ခဲ့ရင် ရာသီအကုန်မှာ ဒီထက် ပိုကောင်းတဲ့နေရာရရှိနိုင်မယ်လို့ ကျနော် သေချာပေါက် ပြောရဲပါတယ်။

"ဒါပေမယ့် ကျနော်တို့ ပထမပိုင်းကလို ကစားခဲ့မယ်ဆိုရင် ဇယားကို ဦးဆောင်နေတဲ့ အသင်းတွေရဲ့ ဝေးရာ တန်းဆင်းဇုန်နေရာကို ရောက်သွားပါလိမ့်မယ်။ ဒါကတော့ ကျနော့် အမြင်ပါ။ ဒီရာသီတစ်ခုတည်းအတွက် မဟုတ်ပဲ အချိန်တိုင်းအတွက်ပါ။"

"ကျနော်တို့က မိနစ် ၉၀ အတွက် ကစားဖို့ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က ၄၅ မိနစ်အတွက်ပဲ ကစားခဲ့တယ်။"

စီးတီးတို့ဟာ နိုင်ပွဲရယူခဲ့လို့ ဒီကနေ့ည စပါးအသင်းနဲ့ ကစားရမယ့် လီဗာပူးလ်ကို (၁)ပွဲပို၊ (၃)မှတ်လျော့နဲ့ ပိုမိုဖိအားပေးနိုင်ခဲ့ပါတယ်။

Ref;  FourFourTwo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required