အမတ်တစ်ယောက်ပါလို့ တိုင်းအစိုးရရဲ့ သတ်မှတ်ခြင်း မခံခဲ့ရတဲ့ ရေကြည် NLD အမတ် လုပ်စရာ အကြွေးတွေ ရှိနေတယ်လို့ဆို

18 October 2015
အမတ်တစ်ယောက်ပါလို့ တိုင်းအစိုးရရဲ့ သတ်မှတ်ခြင်း မခံခဲ့ရတဲ့ ရေကြည် NLD အမတ် လုပ်စရာ အကြွေးတွေ ရှိနေတယ်လို့ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာ လှမြတ်သွေးဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ရေကြည်မြို့နယ်ရဲ့ တိုင်းဒေသကြီး အမတ်ဖြစ်လာပါတယ်။ တိုင်းဒေသကြီးအမတ်ဖြစ်ခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း တိုင်းဒေသကြီး အစိုးရက ပူးပေါင်း လုပ်ဆောင်ခြင်းမရှိ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အဖြစ် မသတ်မှတ်ခဲ့ဘူးလို့ဆိုပါတယ်။

ဒါ့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ ဒေါက်တာ လှမြတ်သွေးရဲ့ ပညာရေးအပေါ်အမြင်၊ အနာဂတ်မှာ လုပ်ဆောင်လိုတာတွေကို မဇ္ဈိမ သတင်းထောက် စည်သူမောင်မောင်က မေးမြန်းထားပါတယ်။

 

ဒုတိယ အကြိမ်မြောက် ကိုယ်စားလှယ်အဖြစ် င်ရောက်ရွေးချယ်ခံတဲ့ ရည်ရွယ်ချက်က ဘာလဲ။

အဓိက ရည်ရွယ်ချက် နှစ်ချက်ရှိတယ် ပထမ သက်တမ်းအတွင်းမှာ မလုပ် နိုင်ခဲ့တဲ့ ကိစ္စတွေရှိခဲ့တယ် ပြည်သူလူထု အကျိုးစီးပွား ကာကွယ်စောင့်ရှောက်တဲ့ ကိစ္စတွေမှာ ကျွန်မ တတ်နိုင်သမ ျှ လုပ်ခဲ့တယ်၊ ပြည်သူ့ အကျိုးစီးပွား ကာကွယ်မှုနဲ့ တရားဥပဒေစိုးမိုးဖို့ အကြွေးရှိတယ်လို့မြင်လို့ ပြန်လည် ဝင်ရောက် ရွေးချယ်ခံ ကြိုစားမှာပါ။ ဒုတိယ အချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်းအား တရပ်အနေနဲ့ ပါဝင်ဆောင်ရွက်မှာဖြစ်တယ်။

 

NLD ကို ဝင်ရောက်ခြင်းနဲ့ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရတဲ့ အဓိက တွန်းအားက ဘယ်ဖြစ်မလဲ။

ကျွန်မတို့ မြင်ခဲ့တယ်လေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၈ နှစ်လုံး ပြည်သူ အတွက် စွန့်လွှတ် အနစ်နာခံခဲ့တယ်။ ခေါင်းဆောင်ဟာလည်း သူ့ဘ၀ သူ့မိသားစု ဘဝကိုစွန့်လွှတ်ပြီး တိုင်းပြည်အတွက် ပြည်သူအတွက် ပေးဆပ်ခဲ့တာ သူများ အပြောမဟုတ်ဘူး ကျွန်မတို့ အမြင်ပဲ၊ တိုင်းပြည်ကို တကယ် ဦးဆောင်နိုင်မယ် အရည်အချင်း ရှိတယ်လို့မြင်လို့ NLD ကိုဝင်ရောက်ပြီး ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံတာပါ။

 

ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲက စတင်ပြီး ကိုယ်စားလှယ် တယောက်အနေနဲ့ လုပ်ဆောင်ရမှုအပေါ်မှာ အားရကျေနပ်မှုရှိလား၊ မရှိခဲ့ရင် ဘယ်လို အကြောင်းအရာတွေကြောင့်လဲ။

လုံး၀ အားရ ကျေနပ်မှုမရှိဘူး၊ ကျွန်မ ပြည်သူ့ ကိုယ်စားလှယ် တယောက်အနေနဲ့ လုပ်နိုင်သလောက် လုပ်တယ် ပြောဆိုတယ်၊ ကျေနပ်မှုမရှိတဲ့ အကြောင်းက ကိုယ်စားလှယ်တွေ အဆိုတွေ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဖော်ဆောင်ပေးတဲ့ အစိုးရက ကျွန်မအပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်တယောက် ပြောဆိုတယ်လို့ သဘောမထားပဲ NLD ပါတီဝင်တယောက် ပြောဆိုနေတယ်လို့ သဘောထားတယ်။ အထူးသဖြင့် ကျွန်မ လုပ်ငန်းဆောင်တာ တွေမှာ မအောင်မြင်ချင်တဲ့ စိတ်သဘောထား ရှိတယ်။ လွှတ်တော်ထဲမှာ အကုန် ပြည်သူ့ ကိုယ်စားလှယ်တွေလို့ မြင်သင့်တယ်။ ကျွန်မ လွှတ်တော် သက်တမ်း ၃နှစ် အတွင်းမှာ တဖြည်းဖြည်းမြင်ရတာ အစိုးရဟာ ၂၀၁၅ မဲရဖို့ လုပ်နေတာ။

 

မြန်မာနိုင်ငံ ပညာရေးအပေါ်မှာ ဘယ်လိုမြင်ပါလည်း။

ပညာရေး အခန်းဏ္ဍာမှာ စနစ်တခုပြီးတခု ပြောင်းလဲ စမ်းသပ်နေတယ်၊ ဟိုစနစ်မရ ဒီစနစ်ဆိုပြီး ကြားဖူးနားဝနဲ့ စိတ်ထင်ရာ လုပ်နေတဲ့ အခါမှာ ပညာရေးဟာ နိုင်ငံတကာနဲ့ ယှဉ်တော့ တော်တော်နိမ့်ကျ သွားတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေ ဉာဏ်ရည် ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေနဲ့ မဆိုင်ဘူး ဘာလိုပြောလည်းဆို နိုင်ငံတကာမှာ ပညာသင်ဆုနဲ့ သွားသင်သူဖြစ်ဖြစ် ကိုယ့်ပိုက်ဆံနဲ့ သွားသင်သူဖြစ် ဘွဲ့မရပဲ ပြန်လာတာမျိုး မတွေ့ဖူးဘူး။ ပညာရေး နိမ့်ကျတာ စနစ်တခုက လေ့ကျင့် သင်ကြား ပေးတာနဲ့ပဲဆိုင်တယ်။

 

မြန်မာနိုင်ငံ ပညာရေး ပြန်လည်မြှင့်မား တိုးတက်အောင် ပြန်လည်ပြူပြင်ဖို့ ဘယ်အရာတွေက အဓိက ကျပါသလဲ။

ကျွန်မ အမြင် ဆရာဆရာမတွေ အရည်အသွေးကို မြှင့်တင် ပေးရပါမယ်။ တဆင့်ပြန်လည် ပညာပြန်လည် မ ျှဝေသူတွေကို မြှင့်တင်ပေး သင့်တယ်။ ကလေးတွေမှာလည်း တချို့ကလေးတွေဟာ မိဘများ စားဝတ်နေရေးကို ကူညီပြီး လုပ်ဆောင်ပေးနေရတဲ့ အစိတ်အပိုင်းတွေလည်း ပါနေတယ်။ ဒုတိယ အနေနဲ့ လူတဦးချင်းစီ ခိုင်မာတဲ့ စီးပွားရေးရှိဖို့လည်းလို့တယ်၊နိုင်ငံတကာ အတွေ့အကြုံအရ ကျောင်းနေတဲ့ ကလေးတွေကို အစိုးရ တော်တော်များများက ထောက်ပံ့ ပေးထားနိုင်ရမယ်။ တိုင်းပြည် နှစ်ရှည် ပညာရေးအတွက် ရင်းနှီးမြုပ်နှံမှုဟာ တိုင်းပြည်သိက္ခာ အဆင့်အတွက် ပညာရေးဟာ အခြေခံကျတယ်။

 

တိုင်းပြည် စီးပွားရေး ကျဆုံးခြင်း တိုးတက်ခြင်းဟာ ပညာရေးနဲ့ ပတ်သက် အချိုးကျမှုရှိတယ်လို့ ထင်ပါသလား။

ဘယ်လောက် အချိုးကျလည်းဆို တိုက်ရိုက် အချိုးကျတယ် တိုင်းပြည် ပညာရေး နိမ့်ပါးခြင်းဟာ နိုင်ငံတကာ မျက်နှာပါ ပျောက်ဆုံးလာခြင်းပဲ၊ ပညာရေး နိမ့်ပါးရင် စီးပွားရေးဟာ ဘယ်လိုမှ နလန်မထူတော့ဘူး။

 

ပညာရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လောက် လေ့လာထားသလဲ။

အရင် လေ့လာထားမှုတွေ လုပ်ထားပါတယ် ငဝန်မြစ် အနောက်ဘက် ကမ်းမှာပါ။ ဆယ်တန်းဖြေမယ့် ကလေးတွေ လေ့လာကြည့်တော့ သူတို့အရည်အချင်းက အလယ်တန်း အဆင့်လောက်ပဲ တွေ့ရတယ်။ မူလတန်းကလေးတွေကို လေ့လာကြည့်တော့ စာမတတ်ဘူး၊ အဓိက ဆရာ မလုံလောက်မှုပါ။

 

ယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်ခဲ့ရင် ပြည်သူအတွက် ဘာတွေဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

ကျွန်မ ပညာရေးဘက်က ဖြစ်တော့ ပညာရေးနဲ့ သက်ဆိုင်တာတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ ကျွန်မ ဂျာမနီမှာ ပညာသင်ခွင့် ရတဲ့အချိန်မှာ ပို စိတ်ဝင်းစားလာတယ်။ နိုင်ငံခြားရောက်ပြီး ချိန်မှာ လူတယောက် လွတ်လပ်မှု ခံစားရတယ်။ ပြီးတော့  ကလေးတွေ ပညာရေးကို အစိုးရ နှစ်ရှည်လများ ထောက်ပံ့တယ်၊ အစိုးရ တရပ်ဟာ အရေးပါမှုလို့ မြင်ခဲ့တယ်။ အစိုးရ ကလေးတွေကို ပြုစုပျိုးထောင်တယ် ကလေးတွေအပေါ်မှာ ဘယ်လောက် အလေးထားလည်း ဆိုတာတွေ သိခဲ့ရတယ်။ အဲဒီကလေးတွေ အနာဂတ်မှ တိုင်းပြည် အနာဂတ်ကိုပြောင်းလဲတယ် အဲဒါတွေမြင်ပြီး ပို စိတ်ဝင်စား လာခဲ့တယ်။

 

ဒုတိယအကြိမ် လွှတ်တော်ထဲပြန်ဝင်ရင် ဘယ်လိုအခန်းဏ္ဍာတွေကို စတင်ပြီးမေးခွန်း အဆိုတင်ဖို့ရှိပါလည်း ၊ပြင်ဆင်ထားမှုကောရှိပြီးလာ။

စီစဉ်ထားတာ ရှိပါတယ် ကျွန်မ အရမ်းစိတ်ဝင်းစားတဲ့ တောင်သူ လယ်သမားတွေ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လုပ်မှာပါ။ မြေယာကိစ္စတွေ ပတ်သက်တာတွေလုပ်မှာပါ။ တောင်သူ လယ်သမားတွေ အခွင့်အရေးတွေ ကာကွယ်ပေးရင် ငြိမ်းချမ်းမှုတွေ ရှိလာနိုင်မှာပါ။ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမှာပါ။ နောက်တခုအနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကြပ်မတ်ဆောင်ရွက်သွားမှာပါ။ ကျွန် အခြေခံပညာမှာ မူဝါဒတွေ ပြောင်းလဲပြီး ကိုင်တွယ်ချင်တယ်။

 

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဘာပြောချင်ပါသလဲ။

ကျွန်မတို့ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် ဦးဆောင် နိုင်သူပါ။ NLDပါတီဆိုတာ ပြည်သူစစ်စစ်က ပေါ်ပေါက်လာတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူ့အကျိုး လုပ်ဆောင်ပြီး၊ NLDပါတီ ဦးဆောင် အစိုးရ ဖွဲ့နိုင်ရင် ပြည်သူကိုအလေးထားတဲ့ အစိုးရဖြစ်လာမှာပါ။ ပြည်သူတွေက ပြည်သူကို အလေးထားတဲ့ အစိုးရတရပ်ပေါ်ပေါက်စေချင်ရင် NLDပါတီကို ယုံကြည်စွာ မဲထည့်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required