တရုတ်ပြည် အရောင်းအဝယ်ပျက်နေမှုကြောင့် မကွေး နွားစျေးကွက် စျေးနှုန်းများ ကျဆင်းနေ

တရုတ်ပြည် အရောင်းအဝယ်ပျက်နေမှုကြောင့် မကွေး နွားစျေးကွက် စျေးနှုန်းများ ကျဆင်းနေ

မကွေး၊ အောက်တိုဘာ ၂၆။       ။ ယခုနှစ်အတွင်း တရုတ်ပြည်စျေးကွက် အရောင်းအဝယ် ပျက်နေမှုကြောင့် မကွေးနွားစျေးကွက်၌ နွား စျေးနှုန်းများ ကျဆင်းနေကြောင်း မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ရှိ နွားပွဲဈေးမှ နွားအရောင်း အဝယ်ပြုလုပ်သူများ ထံကသိရသည်။

“နွားဈေးကွက်တွေပျက်နေတယ်။ အရင်နှစ်က နွားတစ်ကောင် ကျပ်၁၃သိန်းဆိုရင် ဒီနှစ် ကျပ်ဆယ်သိန်းနဲ့ ဝယ်လို့ ရတယ်။ ကျပ်၁၀သိန်းတန်းနွားကို ဝယ်တဲ့သူ မရှိသလောက်ဖြစ်နေပြီး ရောင်းတဲ့သူပဲပေါတယ်” ဟု တောင်တွင်းကြီးမှ မြို့သစ်မြို့နွားပွဲဈေးသို့ နွားလာဝယ်ယူသူ ဦးဝင်းဇော်က ပြောသည်။

ယခင်နှစ်များက မြန်မာနိုင်ငံမှ နွားများကို တရုတ်ပြည်သို့တင်ပို့ရောင်းချမှုများရှိသော်လည်း ယခုနှစ်တွင် တရုတ် ပြည်ဈေးကွက်အရောင်းအဝယ်ပျက်ေနသည့်အတွက် နွားတစ်ကောင်လျှင် ရောင်းစျေး ကျပ်သုံးသိန်းအထိ ကျဆင်းကြောင်း သိရသည်။

မြို့သစ်မြို့ရှိ နွားပွဲဈေးကို တစ်ပါတ်လျှင် အင်္ဂါနေ့တစ်ရက်သာပြုလုပ်ပြီး အဆိုပါနွားပွဲဈေးကို မြို့သစ်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စုမှ တောင်သူများ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများက နွားများကို အရောင်းအဝယ်လာရောက်ပြုလုပ်ကြောင်း သိရသည်။

အဆိုပါနွားပွဲဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ကာလများမှာ တောင်သူများ တောင်သူလုပ်ငန်း နားချိန် နွေရာသီအချိန်တွင် အရောင်းအဝယ်ပိုဖြစ်ကြောင်း မြို့သစ်နွားပွဲဈေးလုပ်ပိုင်ခွင့်လိုင်စင်ရရှိသူ ဒေါ်ခိုင်ယဉ်မိုးက ပြောသည်။

“မြို့သစ်နွားပွဲဈေးက တစ်ခြားသားသတ်နဲ့ ပြည်ပပို့ကုန် နွားအရောင်းအဝယ်လုပ်သူတွေ ဝယ်ရောင်း မလုပ်ကြဘဲ တောင်သူတွေ ဝယ်ရောင်းလုပ်တဲ့ နွားပွဲဈေးဖြစ်ပါတယ်။ တောင်သူအလုပ်နားတဲ့အချိန်ဆိုရင် ကျပ် ၁၅သိန်းတန် နွားကိုရောင်းပြီး ကျပ်၁၀သိန်းတန်လောက် ပြန်ဝယ်ယူပြီး ပိုက်ဆံပေါ်အောင်လုပ်ကြတယ်။ ဒီနွားပွဲဈေးက တောင်သူတွေအလုပ်နားတဲ့အချိန်ဆို ပိုစည်ကားပြီး အရောင်းအဝယ် လုပ်ငန်းတွေ ပိုဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ယဉ်မိုးက ပြောသည်။

အဆိုပါနွားပွဲဈေးတွင် တောင်သူစိုက်ပျိုးချိန်၌ လာရောက်ဝယ်ရောင်းလုပ်သည့် နွားအကောင်ရေ ၁၀၀ ကျော် ခန့်သာရှိပြီး စိုက်ပျိုးပြီးချိန်တွင် နွားကောင်ရေ ၄၀၀ကျော်အထိ လာရောက်ရောင်းဝယ်မှုများပြုလုပ်ေကြာင်း သိရသည်။

“နွားဈေးကအေးနေတဲ့အတွက် အရောင်းအဝယ်မကောင်းတာကများတယ်၊ တရုတ်က နွားဝယ်လက်တွေလည်း အဝယ်အေးနေတဲ့အတွက် အခုကတော့ ခိုင်းနွားနဲ့နွားအချောတွေထက် မွေးမြူရေးအတွက် နွားမတွေက အရောင်း အဝယ်ဖြစ်တယ်” ဟု မြို့သစ်မြို့နယ် ရွေပန်းပင်ကျေးရွာမှ ဦးကျော်ထူးကပြောသည်။

ယခုလက်ရှိနွားဈေးမှာ အနိမ့်ဆုံး နွားတစ်ကောင်လျှင် ကျပ်သုံးသိန်းမှ အမြင့်ဆုံးကျပ်သိန်း၂၀ကျော်အထိ ရှိပြီး နွားအကြီးအသေးနှင့် နွား၏ သွင်ပြင်လက္ခဏာပေါ် မူတည်၍ ရောင်းဝယ်ဈေး အစားစားရှိကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required