မြိတ်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး Campaign ပြုလုပ်

မြိတ်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး Campaign ပြုလုပ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ အောက်တိုဘာ ၂၅ ။           ။ မြိတ်မြို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဌာနဆိုင်ရာအဖွဲ့စုံပူးပေါင်း၍ ပညာပေး Campaign အစီအစဉ်လှုပ်ရှားမှုကို အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

အဆိုပါ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပညာပေး Campaign လှုပ်ရှားမှုအစီအစဉ်ကို မြိတ်မြို့ရှိ မြိတ်လေဆိပ်လမ်း၊ မြို့မအားကစားကွင်း အရှေ့နှင့်ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်း ပုလဲရတနာခန်းမ အရှေ့တို့တွင် ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာအဖွဲ့စုံနှင့် ကျောင်းသားကျောင်းသူနှင့် ပြည်သူများက ပူးပေါင်း ပါဝင်ပြုလုပ်ခဲ့သည်။

 “ကျွန်တော်တို့ မြို့သူမြို့သားတွေ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးအောင် ယာဉ်မောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဖို့အတွက် အလေးထားပြီး၊ ပူးပေါင်းပညာပေး ပြုလုပ်နေခြင်း ဖြစ်တယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲမှူး ကိုကိုက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ခရိုင် ၃ ခုတွင် ယာဉ်တိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး၊စည်းကမ်း လိုက်နာမှုမရှိသည့် ယာဉ်မောင်းသူများကို ဖမ်းဆီးအရေးယူနေကြောင်း တစ်ဖက်တွင်လည်း ပညာပေး အစီအစဉ်များကို ပြုလုပ်နေကြောင်း အထက်ပါ ဌာနမှ သိရသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေး Campaign လှုပ်ရှားမှု အစီအစဉ်ကို တနင်္သာရီတိုင်းဒေသ ကြီးရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မြို့နယ်အားလုံးတွင် တပြိုင်နက်တည်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required